Saturday, August 24, 2013

သင်္ဃန်းကျွန်းရှိ ခွင့်ပြုချက်မဲ့ဆောက်သော အဆောက်အအုံ ၄၀၀ ကျော် ခွင့်ပြုချက် လာမတင်ပါက ရာသက်ပန် ပယ်ဖျက်မည်

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခဲ့သော အဆောက်အအုံ ၄၀၀ ကျော်အား စက်တင်ဘာ ၁၅ ရက် မတိုင်မီ ခွင့်ပြုချက် လာမတင်ပါက ယင်းနောက်ပိုင်း ပါမစ်လာတင်ခြင်းကို လုံးဝစဉ်းစားတော့မည် မဟုတ်ဘဲ ခွင့်ပြုချက်တင်ခြင်းကို ရာသက်ပန် ပယ်ဖျက်မည်ဖြစ်ကာ ဆက်လက်တရားစွဲဆို သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။

သင်္ဃန်းကျွန်း မြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်မှု များပြားလာခဲ့ပြီး ၎င်းတို့ကို တရားစွဲထားကြောင်း၊ ထို့နောက် ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား စီမံချက်ဖြင့် ပါမစ်များ ထုတ်ပေးရန် ပြုလုပ်ခဲ့ရာ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၄၈၄ လုံးအနက် အဆောက်အအုံ ၄၂၃ လုံးမှာ ဆောက်လုပ်ခွင့်များ လာတင်သော်ကြောင်း၊ ဆောက်လုပ်ခွင့် တင်လာသည့် ၄၂၃ လုံးတွင် ပါမစ်ကျသည့် အဆောက်အအုံ ၆၃ လုံးသာရှိပြီး ကျန်ရှိသည့် အဆောက်အအုံ ၃၆၄ လုံးမှာ စာရွက်စာတမ်းများ မပြည့်စုံခြင်း၊ သတင်းစာပါ ကြော်ငြာခများ လာမသွင်းခြင်းတို့ကြောင့် ပါမစ်မကျသေးကြောင်းနှင့် အဆောက်အအုံ ၂၇ လုံးမှာ ယခုထိ လုံးဝပါမစ် လာတင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံများ အားလုံးကို စက်တင်ဘာ ၁၅ ရက်မတိုင်မီ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ၊ ၁၀ ထပ်ရုံး၊ အဆောက်အအုံဌာနသို့ လာရောက်ဆက်သွယ် လျှောက်ထားခြင်း မရှိပါက ပါမစ်တင်ရမည့် စာရင်းမှ ပယ်ဖျက်ကာ ဆက်လက်တရားစွဲ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်သည့် ကန်ထရိုက်များမှာလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လိုင်စင်ရယူထားခြင်း မရှိသော လိုင်စင်မဲ့ ကန်ထရိုက်များ ဖြစ်ခြင်းကြောင့် ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်မှုကြောင့် စည်ပင်မှ တရားစွဲသည့်အခါ ကန်ထရိုက်မှာ လိုင်စင်မရှိ၍ ၎င်းကိုတရားစွဲ၍ မရဘဲ မြေရှင်ကိုသာ တရားစွဲဆိုနေရခြင်းကြောင့် မြေရှင်များ နစ်နာနေရကြောင်း သိရသည်။

"ခွင့်ပြုချက်မဲ့တွေ စက်တင်ဘာ ၁၅ ရက်မတိုင်မီ အမြန်ဆုံး ပါမစ်လာတင်ဖို့ လိုပါတယ်။ မတင်ရင် ဒဏ်ကြေးတွေ ပိုများလာမှာ ဖြစ်ပါတယ်။ အဲဒီအခါ တရားစွဲဆိုခံရတဲ့ မြေရှင်တွေ အများကြီး နစ်နာထိခိုက်လာမှာ ဖြစ်ပါတယ်။ တရားစွဲတာလည်း လုံးဝရပ်လို့ ရတော့မှာ မဟုတ်ဘဲ ဆက်ပြီးဆွဲသွားမှာ
ဖြစ်ပါတယ်။ တကယ်လို့ ဆောက်တဲ့ကန်ထရိုက် ပြေးသွားတယ် ဆိုရင်လည်း မြေရှင်နဲ့ နေထိုင်သူတွေက အမြန်ဆုံးလာရောက် ဆက်သွယ်စေချင်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆက်လက်တရားစွဲနေမည် ဖြစ်သည့်အတွက် ဒဏ်ကြေးဆက်လက်ပေးဆောင်နေရမည်ဖြစ်ပြီး နေ့စဉ် တစ်ရက်လျှင် တစ်သောင်းနှုန်းဖြင့်ပေးဆောင်ရမည့် ဒဏ်ကြေးများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆက်လက်ဆောက်လုပ်ခြင်း၊ နေထိုင်ခြင်း၊ ရောင်း ၀ယ်ခြင်း၊ ငှားရမ်းခြင်း မပြုလုပ်ရန် အမိန့်ထုတ်ပြန်ထားသည်ဟု သိရသည်။

eleven media group

0 comments:

Post a Comment