Friday, August 23, 2013

တံတားဦးတွင် ဖြုတ်ချခံရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး မဲစနစ်ဖြင့် ပြန်အရွေးခံရ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် သင်ပန်း ကျေးရွာနှင့် ဂေါင်းကွဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြို့နယ် အုပ်ချုပ်ရေးမှူးက ရာထူးမှ ဖြုတ်ချခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်ကို မဲစနစ်ဖြင့် ပြန်ရွေးချယ်ခဲ့သော်လည်း အဆိုပါ ဖြုတ်ချခံရသည့် အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ဆန်းခိုင် ကိုသာ ဂေါင်းကွဲကျေးရွာ အုပ်စု၏ ရွာလုံးကျွတ် ထောက်ခံမှုဖြင့် ပြန်လည် ရွေးချယ်ခံ ရကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအရ သိရသည်။တံတားဦးမြို့နယ် ဂေါင်းကွဲကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်း က ပြုလုပ်ရာ ဆယ်အိမ်မှူး ၅၂ ဦးတို့က ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်စား မဲစနစ်ဖြင့် ရွေးချယ် ခဲ့ကြောင်း၊ ယင်းသို့ ဆယ်အိမ်စုမှူးများက မဲပေး ရွေးချယ်ရာ ဂေါင်းကွဲကျေးရွာ ဒေသခံ ဦးကျော်ဆန်းခိုင်က ၃၂ မဲ၊ သင်ပန်းကျေးရွာ ဒေသခံ ဦးကျော်သီရိက ၂၀ မဲ ရရှိပြီး ဦးကျော်ဆန်းခိုင် ကို အတည်ပြု ရွေးချယ် ခဲ့ကြောင်း ယင်းရွေးချယ်ပွဲအရ သိရှိရသည်။

ယင်းရွေးချယ်ပွဲကို တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများနှင့် ဂေါင်းကွဲကျေးရွာ နာယက အဖွဲ့ဝင်များက ကြီးကြပ်၍ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ဂေါင်းကွဲကျေးရွာ နာယက အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကျော်အေးက ပြောကြားသည်။

ယင်းရွေးချယ်ပွဲနှင့် ပတ်သက်၍ ရွေးချယ်ပွဲကို ဦးစီး ကြီးကြပ်ပေးသော တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူများ ကို မေးမြန်းရာ ပြန်လည် ဖြေကြားရန် ငြင်းဆိုသည်။

အများပြည်သူ ဆန္ဒနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ရွေးချယ်ခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းခိုင်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရာထူးမှ ဖြုတ်ချခဲ့ပြီးနောက် ကျေးရွာ လူထု၏ ကျေနပ်မှု မရသဖြင့် သြဂုတ်လ ၁၂ ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ မလာရောက်နိုင် ၍ ရွေးချယ်ပွဲ မပြုလုပ်နိုင် ခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။

အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးကို တာဝန်မှ မည်သို့ ရပ်စဲခဲ့ရခြင်းနှင့် ပတ်သက်၍ တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်ကို The Voice က မေးမြန်းရာ ၎င်းက ပြန်လည် မဖြေကြားပေ။

ယင်းအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းခိုင် လက်ထက်တွင် ကျေးရွာ ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်နိုင်ပြီး ပြည်သူ အကျိုးပြုသော အုပ်ချုပ်ရေးမှူးကောင်း တစ်ဦး ဖြစ်ကြောင်း ယင်းကျေးရွာသား များက ပြောကြားသည်။

“သူတို့ အသစ် လာတင်ပေးလည်း အမေတို့ တစ်ရွာလုံးက လက်ခံမှာ မဟုတ်ဘူး” ဟု ယင်းကျေးရွာမှ အသက် ၆၇ နှစ်အရွယ် ဒေါ်အုန်းရီက ဆိုသည်။

တံတားဦးမြို့နယ် ဂေါင်းကွဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းခိုင်သည် လူတော် တစ်ဦး ဖြစ်ကြောင်း တံတားဦးမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ အရာရှိ တစ်ဦးက သုံးသပ် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ရှမ်းပွဲ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်လွင်သည် ဇူလိုင်လ ၁ ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးကို တရားဝင် နုတ်ထွက်ခဲ့သော်လည်း ဇူလိုင်လ ၂၅ ရက်နေ့တွင် အများပြည်သူများ၏ ဆန္ဒနှင့် ပြန်လည် ရွေးချယ်ခံခဲ့ရကြောင်း မြစ်သားမြို့ ရှမ်းပွဲ ရပ်ကွက် ဒေသခံများထံမှ သိရှိရသည်။
 

No comments:

Post a Comment