Thursday, August 22, 2013

MiG-29 တိုက်လေယာဉ်သစ်များ ရုရှား ဝယ်ယူမည်



ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနသည် MiG-29 တိုက်လေယာဉ်သစ်များ ဝယ်ယူရန် သဘောတူညီမှု စာချုပ်တစ်ရပ်ကို အတည်ပြု ချုပ်ဆိုလိုက်သည်။ (၂၀၁၆)ခုနှစ်ထိ ကာလအတောအတွင်း နောက်ထပ် MiG-29SMT တိုက်လေယာဉ်သစ် (၁၆)စင်းကို ရုရှားစစ်ဘက်အတွက် တည်ဆောက်ပေး
သွားရန် MiG ကုမ္ပဏီက သဘောတူညီခဲ့သည်။ စစ်ဘက်ဆိုင်ရာ ထိပ်ဆုံးအဆင့် သတင်းရင်းမြစ် တစ်ခုက အဆိုပါ ကိစ္စကို အင်္ဂါနေ့က အတည်ပြု ပြောကြားလိုက်သည်။ ယင်းသည် MiG ကုမ္ပဏီနှင့် ရုရှား အစိုးရတို့ကြား တိုက်လေယာဉ် တည်ဆောက်ရေး စီမံကိန်းတစ်ခု ဆိုင်းငံ့ရခြင်းကို အစားထိုးမှု ဖြစ်လာဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

အစောပိုင်းက ရုရှားသည် MiG၏ တိုက်လေယာဉ်များဖြစ်သည့် MiG-35 (၃၅)စင်းကို ဝယ်ယူရန် စီစဉ်ထားသော်လည်း အချို့သော အခြေအနေများကြောင့် (၂၀၁၆)ခုနှစ်ထိ မှာယူမှုကို ရွှေ့ဆိုင်းထားလိုက် သည်။ "MiG ကော်ပိုရေးရှင်း အနေနဲ့ (၃)နှစ်အတွင်းမှာ MiG-35ရဲ့ ဒီဇိုင်းပိုင်းကို ပိုပြီး ပြည့်စုံ ကောင်းမွန်အောင် တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်"ဟု အဆိုပါ ကုမ္ပဏီကြီးက ကြေညာ သည်။ ထို့အပြင် ယင်းမတိုင်မီ ကာလအတွင်း ရုရှားလေတပ်ကို MiG-29SMTများ ထောက်ပံ့ပေးသွားမည်ဟု
လည်း MiGမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရုရှားလေတပ်မှ တာဝန်ရှိသူ တစ်ဦးက MiG-29SMTသစ်များ ဝယ်ယူမည့် အစီအစဉ်ကို အတည်ပြုခဲ့သည်။ အဆိုပါ တိုက်လေယာဉ်သစ် (၁၆)စင်းအတွက် တန်ဖိုးသည် ဒေါ်လာ (၄၈၅)သန်းမျှ ရှိမည်ဟု ဆိုသည်။ ရုရှားလေတပ်တွင် လတ်တလော၌ အရည်အသွေး နိမ့်ကျကြောင်း မှတ်ချက်ဖြင့် အယ်လ်ဂျီးရီးယားက ဝယ်ယူရန် အစီအစဉ် ဖျက်သိမ်းခဲ့သည့် MiG-29SMT (၂၈)စင်း ရှိနေသည်။ ရုရှားလေတပ်က MiG-29SMTများကို အရည်အသွေး မြှင့်တင်မွမ်းမံမှု၊ စစ်ဆေးမှုများ အပြီးသတ် လုပ်ဆောင်ပြီး
မှသာ စစ်ဆင်ရေး တာဝန်များအတွက် အတည်ပြုပေးမည်ဟု ပြော
ဆိုထားသည်။

Planet Myanmar Network

0 comments:

Post a Comment