Thursday, August 29, 2013

ရုပ်သံနည်းပညာများ လေ့လာနိုင်ရန် MRTV မှ ၀န်ထမ်းများကို နှစ်စဉ် ကိုရီးယားသို့ ဖိတ်ခေါ်သွားမည်

ရုပ်သံနည်းပညာနှင့် ပတ်သက်သည်များကို လေ့လာနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)မှ ၀န်ထမ်းများကို တစ်နှစ်လျှင် ၁၀ ဦးနှုန်းဖြင့် ကိုရီးယားနိုင်ငံသို့ ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ကိုးရီးယားနိုင်ငံ အခြေစိုက် The Foundation for Broadcast Culture ၏ဥက္ကဋ္ဌ Mr Kim Moon Hwan က သြဂုတ်၂၉ ရက်တွင် ပြောသည်။


ဥက္ကဋ္ဌက ယင်းသို့ပြောကြားခြင်းမှာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့် “မြန်မာနှင့် ကိုရီးယားနိုင်ငံ ရုပ်သံဌာနကြီးများ ယဉ်ကျေးမှု ဆွေးနွေးဖလှယ်ပွဲ”တွင်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကိုးရီးယား နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ခြင်းများကို ရှေ့ဆက် လုပ်ဆောင်ပေးသွားမည်ဖြစ်သည် ဟုလည်း ဆိုသည်။

အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံ၏ ရုပ်သံထုတ်လွှင့်မှုနယ်ပယ်တွင် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနှင့်သော်လည်းကောင်း၊ အစိုးရအနေနှင့်သော် လည်းကောင်း ဆောင်ရွက်နေသည်များ ကိုလည်း ထည့်သွင်းဆွေးနွေးသွားခဲ့သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ အသံလွှင့်ဌာနမှ ညွှန်ကြားရေးမှူး ဦးဇေယျာက “၀န်ထမ်းတွေကို ကိုရီးယားမှာ ရှိတဲ့ နာမည်ကြီး Broadcast တွေဖြစ်တဲ့ KBS, MBC ဟာမျိုးတွေကနေပြီး ၀န်ထမ်းတွေခေါ်ပြီး Capacity Building လေ့ကျင့်ပေးဖို့ အခြေအနေမျိုးတွေ ဆွေးနွေးထားတာ ရှိပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက မြန်မာနိုင်ငံအတွက် အများကြီး အထောက်အကူပြုပါတယ်” ဟု ဆိုသည်။

MRTV အနေဖြင့် ရုပ်သံနည်းပညာနှင့် ပတ်သက်သည်များကို ယခင်ကပင် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် မှုများ ရှိခဲ့သော်လည်း ယင်းမှာ အနည်းအကျဉ်းသာဖြစ်ပြီး ယခုနောက်ပိုင်းမှစတင်ကာ ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဟုလည်း ဦးဇေယျာက ပြောသည်။

၎င်းက “အရင်တုန်းက ပူးပေါင်းဆောင်ရွက်မှုတွေအနေနဲ့က MRTV မှာ လိုအပ်နေတဲ့စနစ်ကို ကိုးရီးယား ဆက်သွယ်ရေး ကော်မရှင်ကနေပြီး လှူဒါန်းတာမျိုးတွေ ၂၀၁၁ ခုနှစ်က လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေက အနည်းအကျဉ်းပဲ ရှိခဲ့တယ်။ အခု ပြန်လည်ပြီး ဆက်လက်ပူးပေါင်းတာ မျိုးဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲရလဒ်ပေါ် အခြေခံပြီး သင်တန်းများ၊ Broadcast Industry ဖွံ့ဖြိုးတိုးတက်ရေး များအတွက် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်သည်။ 

Mizzima News


No comments:

Post a Comment