- ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့တို့သည် သြဂုတ် ၃၁ ရက်တွင် နေပြည်တော်၌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တွေ့ဆုံရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သည့် သမ္မတရုံးဝန်ကြီး
ဦးအောင်မင်းနှင့် RCSS/SSA၊ KNU အဖွဲ့တို့သည် သြဂုတ် ၂၄ ရက်က
ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (MPC) တွင်
အကြိုတွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတနှင့် တွေ့ဆုံရာတွင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်ပအရပ်ဘက်
အဖွဲ့အစည်းများ ပါဝင်သည့် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး
လုပ်ငန်းကော်မတီ (WGEC- Working Group For Ethnic Coordination)
အလုပ်အဖွဲ့မှ ရေးဆွဲထားသော အပစ်အခတ် ရပ်စဲရေး မူဘောင်ကို အဓိကထား
ဆွေးနွေးသွားမည်ဖြစ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး
စိုင်းလှက ပြောကြားသည်။
"ကျွန်တော်တို့က အခုအစိုးရရဲ့ အကျိုးဆောင်ဖြစ်တဲ့ MPC နဲ့
ပထမဆွေးနွေးပြီးတော့ ဒီလကုန်ပိုင်း ၃၁ ရက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့မယ်။ အဲဒီကော်မတီမှာ ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌဆိုတော့ သူလည်းပါမှာပေါ့။ တခြားအစိုးရ
ဝန်ကြီးတွေလဲ ပါမယ်။ အဓိကကတော့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တွေ ရေးဆွဲထားတဲ့ အပစ်အခတ် ရပ်စဲရေး မူဘောင်ကို တင်ပြဆွေးနွေးမယ်" ဟု
ဗိုလ်မှူးကြီး စိုင်းလှက ပြောကြားသည်။
WGEC ၏ လမ်းပြမြေပုံ ခြောက်ချက်မှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ
မူဘောင်ရေးဆွဲရန်၊ အစိုးရနှင့် ဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ
မူဘောင်ကို သဘောတူညီချက် ရယူရန်၊ ပြည်နယ်အလိုက် ညီလာခံ ကျင်းပရန်၊
ပြည်နယ်အားလုံး စုပေါင်းပြီး ညီလာခံ ကျင်းပရန်၊ တစ်တိုင်းပြည်လုံး
အတိုင်းအတာဖြင့် ပြည်ထောင်စုညီလာခံကြီး ကျင်းပရန်နှင့် အချိန်သတ်မှတ်၍
အထက်ပါ အချက်များကို လုပ်ဆောင်သွားရန်တို့ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒုတိယဥက္ကဋ္ဌများအဖြစ်
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးသိန်းဇော်တို့ ပါဝင်ကြောင်း သိရသည်။
အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်ဝန်ကြီးချုပ်များ၊ တပ်မတော်မှ တိုင်းမှူးများ၊ ဒုတိယ၀န်ကြီး တစ်ဦး၊
ဒုတိယရှေ့နေချုပ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပြီး အတွင်းရေးမှူးအဖြစ်
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူထားသည်။
Eleven Media Group
No comments:
Post a Comment