မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်ရှိ ယာဉ် မရပ်နားရ
နေရာများတွင် အချိန် ကြာမြင့်စွာ ရပ်နားထားသည့် မော်တော် ယာဉ်များကို ဇွန်လ
၂၇ ရက်နေ့မှ စတင်ကာ TOW Truck ယာဉ်ကို အသုံးပြု၍ ဖယ်ရှား ရှင်းလင်းခဲ့ရာ
သြဂုတ်လ ၂၁ ရက်နေ့အထိ နှစ်လ အတွင်း ယာဉ်စီးရေ ၈၉ စီးကို ဖယ်ရှား
ရှင်းလင်းပြီး ဖြစ်ကြောင်း အဆိုပါကော်မတီ မော်တော်ယာဉ်ဌာန တာဝန်ရှိသူထံမှ
သိရသည်။“TOW Truck အသုံးပြုတဲ့ ရည်ရွယ်ချက်ကိုက ဖြူ၊ နီ
ကျားတွေမှာ ကားကို အကြာကြီး ရပ်ထား တာ တွေ၊ ဈေးချိုမှာဆိုရင် အကြာကြီး
ကုန်တင် ကုန်ချ လုပ်နေကြတာတွေ ရှိတဲ့အတွက် ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်တယ်။
အဲဒီတော့ TOW Truck နဲ့ ဆွဲတယ်။ ဒဏ်ကြေး ရိုက်တယ် ဆိုတော့
ယာဉ်မောင်းတဲ့သူတွေ စည်းကမ်းရှိအောင်လို့ပါ” ဟု ၎င်းက ဆိုသည်။
TOW Truck ဖြင့် ဆွဲယူ ရှင်းလင်း ခံရသည့် ယာဉ်ပိုင်ရှင်များကို TOW Truck အသုံးပြုခ ဒဏ်ငွေ ကျပ်ငါးသောင်း ပေးဆောင်စေပြီး စည်းကမ်းမဲ့ ရပ်နားသည့် ဒဏ်ကြေးကိုတရားရုံး သို့ ပေးဆောင်စေကြောင်း အဆိုပါဌာနထံမှ ထပ်မံ သိရသည်။
“ငါးသောင်းက ကား အသုံးပြုခအတွက် ပေးရတာ။ ဒဏ်ကြေးအတွက် ကတော့ တရားရုံးမှာ ရှင်းရတာပေါ့။ လမ်းမှာ ကားပျက်လို့ အကူအညီတောင်းတဲ့ ကားတွေကိုတော့ ကားအသုံးပြုခ ငါးသောင်း ပဲ ကောက်ခံတယ်။ TOW Truck လမ်းကြောင်းက ဈေးချိုနား တစ်ဝိုက်ကို အဓိက ထားတယ်။ တခြား လမ်းကြောင်းကတော့ ယာဉ်ထိန်းရဲက ဖုန်းဆက်ပြီး တိုင်တဲ့ နေရာမှာ သွားရှင်းတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
TOW Truck အသုံးပြု၍ စည်းကမ်းမဲ့ ယာဉ်များ ဖယ်ရှား ရှင်းလင်းနေသည့် အတွက် ဈေးချိုတော်ရှိ တစ်လမ်းမောင်းဖြစ်သည့် ၈၄ လမ်းမှာ ယာဉ်ကြော ရှင်းလင်းပြီဖြစ်သော်လည်း နာရီစင်ရှေ့ရှိ ၂၆လမ်း၊ ၈၄ လမ်းနှင့် ၈၆ လမ်း မှာမူ ယာဉ်ကြော ရှုပ်ထွေးနေဆဲ ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးဇော်ဇော်က ပြောကြားသည်။
“ဈေးချို ဟိုတယ်မှာ မင်္ဂလာဆောင်ရှိလို့ ခရီးသည် သွားကြိုတာ။ သူ့ကို ကြိုပြီး ဖုန်းဆက်ထားရတယ်။ ကားကို ကြာကြာ မရပ်ရဲဘူး။ TOW Truck နဲ့ အဆွဲခံရမှာ စိုးလို့။ ဒီကားကြီး ရောက်လာပြီးကတည်းက လမ်းက တော်တော်ကို ရှုင်းသွားတယ်။ ဈေးချိုရှေ့ ၂၆ လမ်းပေါ်က နှစ်ထပ်၊ သုံးထပ် ရပ်ထားတဲ့ ကားတွေကိုလည်း ရှင်းပေးရင် ကောင်းမယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

No comments:
Post a Comment