Friday, September 20, 2013

နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်ရန် အစိုးရနှင့် လက်နက်ကိုင် သုံးဖွဲ့တွေ့ဆုံ

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးပါက နိုဝင်ဘာလအတွင်း နိုင်ငံရေး ညီလာခံများ ကျင်းပနိုင်ရန် ပြင်ဆင်သည့်အနေနှင့် ရှမ်းပြည်နယ် အခြေစိုက် လက်နက်ကိုင်သုံးဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း RCSS/SSA အဖွဲ့မှ ငြိမ်းချမ်းရေး အလုပ်အဖွဲ့ဝင် ဦးစိုင်းမင်းက ပြောကြားသည်။
စက်တင်ဘာလ ၂၀ ရက်နေ့တွင် တောင်ကြီးမြို့၌ ကျင်းပသည့် ရှမ်း၊ မွန်၊ ကယားလူမျိုးများ ညီလာခံ အပြီးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/ SSA နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးတပ် PNLO တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် လက်နက်ကိုင် တပ်ဖွဲ့အားလုံးနှင့် အောက်တိုဘာလ အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန်နှင့် နိုဝင်ဘာလတွင် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်များ စတင်ရန်အချက်များ ဆွေးနွေးခဲ့ကြောင်း ဦးစိုင်းမင်းက ဆိုသည်။
“၂၀၁၄ မှာ တိုင်းရင်းသားအားလုံး ပါဝင်နိုင်တဲ့ ညီလာခံ ကျင်းပပေးရေး အဓိက ဆွေးနွေးခဲ့ကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

RCSS/SSA နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ စက်တင်ဘာလ ပထမအပတ်တွင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံ ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ် ရေးထိုးရန် မူအားဖြင့် သဘောတူခဲ့ကြသည်။

အစိုးရက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ အတွင်းတွင် ကျင်းပမည်ဟု ဆိုထားသော်လည်း KIO/KIA အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကျန်ရှိနေသေးသည့်အတွက် အောက်တိုဘာလ ပထမအပတ်တွင် KIO/KIA အဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment