
မန္တလေး ရွှေကြက်ယက် ဆိပ်ကမ်းအနီးတွင် ဆိုက်ကပ်ထားသော Road to Mandalay သင်္ဘောများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
မန္တလေးဆိပ်ကမ်း တစ်လျှောက် နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ပုဂ္ဂလိကဆိပ်ကမ်း နေရာသစ်များ အားလာမည့် ပွင့်လင်းရာသီ မတိုင်ခင် ခွင့်ပြုသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။
ဧရာဝတီ မြစ်ကြောင်းပေါ်ရှိ မန္တလေးဆိပ်ကမ်း တစ်လျှောက်တွင် ပြည်တွင်းရေကြောင်းမှ ခရီးသည်တင် ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းနေရာများ၊ ပြည်တွင်း ကုန်တင်သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းနေရာများနှင့် နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းနေရာများဟု အသီးသီး ခွင့်ပြုထားကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးဆိပ်ကမ်း တစ်လျှောက် နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းနေရာလေးခု သတ်မှတ်ပေးထားပြီး နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး ရေယာဉ်များ ဖြစ်သည့် အောင်သိဒ္ဓိ၊ အမရာ၊ မလိခနှင့် Road to Mandalay သင်္ဘောများ၏ ပုဂ္ဂလိက ဆိပ်ကမ်းနေရာ လေးခုအား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတ်မှတ်ပေးထားသည်။
မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် မန္တလေးမြို့မှ တစ်ဆင့် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် အလှအပများကို ခံစားပြီး စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံ၊ ဗန်းမော် စသည့်ဒေသများသို့ အပျော်စီးသင်္ဘော ခရီးစဉ်များဖြင့် သွားရောက် လည်ပတ်ခြင်းအား အထူးနှစ်သက် ကြသည်ဟု သိရသည်။
လာမည့် ပွင့်လင်းရာသီမှ စတင်ကာ နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး ကုမ္ပဏီသစ်များ စတင်လုပ်ကိုင် လာကြခြင်း၊ ယခင်လုပ်ကိုင် လျက်ရှိသည့် နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး ကုမ္ပဏီများမှ သင်္ဘာအစီးရေများ တိုးချဲ့ခြင်းများ လုပ်ကိုင်လာကြသဖြင့် ပုဂ္ဂလိက ဆိပ်ကမ်းနေရာ သစ်များကို ထပ်မံခွင့်ပြုပေးရန် လိုအပ်လာကြောင်း သိရသည်။
''ဒီနှစ် ပွင့်လင်းရာသီ ကာလအတွက် နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး ပုဂ္ဂလိက ဆိပ်ကမ်းနေရာ လျှောက်ထားပြီး စိစစ်နေဆဲ ကုမ္ပဏီ အဖွဲ့အစည်း ရှစ်ခုလောက် ရှိပါတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် ဆိပ်ကမ်းနေရာ လေးခုလောက် ခွင့်ပြုပေးသွားဖို့ ရှိပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘော ခရီးစဉ်များ စီစဉ်ပြေးဆွဲနေသော မြန်မာနိုင်ငံသားပိုင် Irrawaddy Princess River Cruise သင်္ဘောကုမ္ပဏီ၏ သုံးစင်းမြောက် သင်္ဘောသစ်ဖြစ်သော Princess Royal အပျော်စီး သင်္ဘောအား မန္တလေး-ပုဂံ နှစ်ညအိပ် သုံးရက်ခရီးစဉ်နှင့် ပုဂံ-မန္တလေး နှစ်ညအိပ် သုံးရက် ခရီးစဉ်များကို နိုဝင်ဘာလတွင် စတင်ပြေးဆွဲမည် ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment