မိကျောင်းကန်ရပ်ကွက် ၁၊ ၂ ၊ ၃ က ဆန္ဒပြ မြေယာပိုင်ရှင်များ (Credit: ABC)
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်က စစ်တပ်က သိမ်းဆည်းခဲ့တဲ့ မိကျောင်းကန် ရပ်ကွက် ၁၊၂၊၃ က မူလပိုင်ရှင် ၂၀၀ လောက်ဟာ သူတို့ ဘိုးဘွားပိုင်မြေတွေ ပြန်လည် ရရှိဖို့အတွက် ရန်ကုန်မြို့ မဟာဗဒ္ဓုလ ပန်းခြံဘေးမှာ စက်တင်ဘာလ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
သိမ်းဆည်းမြေယာတွေအတွက် နစ်နာကြေး တစ်စုံတစ်ရာ ပေးခဲ့တာ မရှိတာကြောင့် ယခုလို ၇ ကြိမ်မြောက် ဆန္ဒပြတာ ဖြစ်ပြီး အရင်တုန်းပ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုမှာ ပါဝင်သူတချို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆို ခံထားရသူတွေရှိပြီး သူတို့အတွက် အမှုပြန်လည် ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
၁၉၉၁ ခုနှစ်တုန်းက မြေတွေကိုသိမ်းဆည်းခဲ့တဲ့ အချိန်မှာ အမျိုးသားတွေကိုလည်း ဖမ်းဆီးပြီး အတင်းအဓမ္မခိုင်းစေခဲ့သလို အမျိုးသမီးတွေကိုလည်း အင်းစိန် ထောင်ကို ပို့ခဲ့တယ်လို့ ဦးဆောင်ဆန္ဒပြတဲ့ မူလပိုင်ရှင် တစ်ဦးဖြစ်သူ ဦးစိန်သန်းက ယခုလိုပြောပါတယ်။
“ဧည့်စာရင်းလို့ခေါ်သွားပြီးတော့ ယိုးဒယားနယ်စပ်ဖြစ်တဲ့ ဝမ်းခတို့ ဖလူးတို့နေရာတွေမှာ သူတို့ပေါ်တာတွေ အဖြစ် သွားပြီးတော့ ကျွန်တော်တို့အသုံးချခံရပါတယ်။ ဒီလူတွေမှာ ဒုက္ခတဘဝတွေ နဲ့ရောက်ခဲ့တဲ့သူတွေ မြေမဖယ်ပေးနိုင်တဲ့ မိန်းမတွေကိုတော့ အင်းစိန်ထောင်ကိုပို့တယ်။ ယောက်ျားတွေကို ပေါ်တာ အဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ တွေရဲ့မိကျောင်းကန်ပြည်သူတွေရဲ့ နားကြည်းချက်တွေပါ”
တချို့မြေပိုင်ရှင်တွေက လျော်ကြေးမရခဲ့ကြပေမယ့် အချို့ပိုင်ရှင်တွေကိုတော့ လျော်ကြေးငွေ ၅ သိန်း ပေးခဲ့တဲ့အပြင် မြေယာအစားတွေလည်း ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဘိုးဘွားပိုင်မြေတွေကို မရမခြင်း ဆက်လက် ဆန္ဒပြသွားမှာဖြစ်တယ်လို့လည်း မိကျောင်းကန် ရပ်ကွက် ၁၊၂၊၃ က မူလပိုင်ရှင်တွေက ပြောဆိုကြပြီး တိုင်းနဲ့ ပြည်နယ်တွေမှာ ဆန္ဒပြဖို့ စီစဉ်နေသလို ထိုင်သပိတ်စခန်းတွေ ပြုလုပ်ဖို့လည်း စီစဉ်နေကြတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။
ABC Radio Australia
No comments:
Post a Comment