မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံ တိုးချဲ့ရပ်ကွက်တွင် စက်တင်ဘာလ ၃ ရက်နေ့က တန်ဖိုးနည်း ဖုန်းများအား မဲနှိုက်ပေးရာ၌ အိမ်ထောင်စုစာရင်း မူရင်း မတင်ပြနိုင်သော အိမ်ထောင်စုများအား ချန်လှပ် ခဲ့သဖြင့် ချန်လှပ်ခံရသော အိမ်ထောင်စုဝင်များက မကျေနပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း ၃၅၀ ခန့်ရှိပြီး အိမ်ထောင်စု ၇၀ ခန့်မှာ ယာယီ အိမ်ထောင်စု စာရင်းများသာ ရှိသောကြောင့် ဖုန်းမဲနှိုက်ရာတွင် ချန်လှပ်ထားခြင်း ဖြစ်ကြောင်း ရပ်ကွက် ထွေအုပ် စာရေးဝန်ထမ်းက ပြောသည်။
““ဒီယာယီ အိမ်ထောင်စု စာရင်းနဲ့ပဲ ၂၀၁၀ မှာ မဲပေးခဲ့တယ်၊ ၂၀၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်တုန်း ကလည်း ဒီယာယီ အိမ်ထောင်စု စာရင်းနဲ့ပဲ မဲထည့်ခဲ့တယ်၊ ရပ်ကွက်က သာရေး နာရေးကြေး၊ ဘောလုံး ပွဲကြေးနဲ့ ဟိုကြေး ဒီကြေးတွေကိုလည်း အများနည်းတူ ကျွန်မတို့ ထည့်ပေးရတယ်၊ အခုဖုန်းမဲနှိုက်မှပဲ ကျွန်မ တို့ဟာ တရားမ၀င်ဘူး လို့ဆိုတော့ မတရားပါဘူး”” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက မြန်မာ သံတော်ဆင့် သို့ ပြောခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ချောင်းဆုံမြို့နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ““ဒီကိစ္စကို ကြားကြားချင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ကျွန်တော် ဖုန်းဆက်မေးတယ်၊ စာရေးမက ဒီလို လုပ်မှ သူတို့တွေ လ၀ကရုံးမှာ အိမ်ထောင်စုစာရင်း လုပ်ဖြစ်လိမ့်မယ် မဟုတ်ရင် လုပ်ဖြစ်ကြမှာ မဟုတ်ဘူး ဆိုပြီးတော့ အကြောင်းပြတယ်၊ ဒါမှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး၊ ကောက်ခံစရာရှိတော့ ယာယီတွေ ဘာတွေ မခွဲဘူး၊ အခွင့်အရေး ပေးတော့မယ် ဆိုတော့မှ ခွဲခြားတာ သဘာဝမကျဘူး၊ ကျွန်တော်တို့က အစိုးရ မဟုတ်တော့ ဘယ်လို လုပ်ပါဆိုတာ ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘူး ညှိနှိုင်းပေးလို့ပဲရမယ်၊ ဒီအတွက် မြို့နယ် ထွေအုပ်ရုံးကို ဖုန်းဆက်ပြီး အကျိုး အကြောင်း ပြောပြလိုက်တယ်၊ နေ့လည် ၁၁ နာရီလောက် ကျွန်တော် ရောက်လာတော့ အဲဒီ ရပ်ကွက်က ယာယီ အိမ်ထောင်စုစာရင်း လုပ်ထားတဲ့ အိမ်ခြေတွေ ၂ ရက် အတွင်း လ၀ကရုံးမှာ အိမ်ထောင်စုစာရင်း လုပ်ဖို့နဲ့ ပျက်ကွက်ရင် မိမိတို့တာဝန် ဖြစ်တယ်ဆိုပြီးတော့ အသံချဲ့စက်နဲ့ လိုက်ကြေငြာတယ်၊ ဖုန်းမဲနှိုက်တာကိုလည်း စက်တင်ဘာ ၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်၊ ဒါလည်း သဘာဝမကျသေးဘူး၊ တကယ်ဆို ၂ ရက်တည်းနဲ့ လ၀ကရုံးမှာ တစ်အုံတစ်မ အိမ်ထောင်စုစာရင်း လုပ်ဖို့ မဖြစ်နိုင်ဘူး”” ဟု ပြောဆိုခဲ့သည်။
ယခုအခါ ရပ်ကွက်အတွင်းရှိ ယာယီအိမ်ထောင်စု စာရင်းသာ ကိုင်ထားသော အိမ်ထောင်စုများ အနေဖြင့် တစ်နယ်တစ်ကျေးတွင် အလုပ်လုပ်ကိုင် နေကြခြင်း၊ လယ်ယာလုပ်ငန်းခွင်သို့ ၀င်နေရခြင်း တို့ကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ကြေငြာထားသော ၂ ရက် အတွင်း အိမ်ထောင်စုစာရင်း မပြုလုပ်ပါက နောက်နောင်တွင် လုပ်ရန် မလွယ်ကူမှာကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
မွန်လေး
မြန်မာသံတော်ဆင့်
No comments:
Post a Comment