ရခိုင်အမျိုးသားနေ့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်၍ ခြောက်လတွင်း အပြီးပြတ်သတ်မှတ်ရန် ကြေညာထားခဲ့သော်လည်း ရခိုင်တိုင်းရင်းသားနိုင်ငံရေးပါတီနှစ်ခုကို ပေါင်းစည်းရန် ဦးစားပေး လုပ်ဆောင်နေရသဖြင့် “အမျိုးသားနေ့” သတ်မှတ်ရေးကို ဆိုင်းငံ့ထားရကြောင်း ထိုနေ့သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌက ပြောသည်။
သို့သော် ရခိုင်အမျိုးသားနေ့ရွေးချယ် သတ်မှတ်ရေးကော်မတီက ထိုလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေပြီး၊ မကြာမီရက်ပိုင်း၌ ရခိုင်လူထုထံသို့ကော်မတီမှ ကြေညာချက်တစ်စောင် ထုတ်ပြန်သွားမည်ဟုလည်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ဆက်ပြောသည်။
ကော်မတီ၏ လက်ရှိလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကော်မတီဝင် စာရေးဆရာဗဂျီးကျော်က “ဘယ်နေ့ကို အမျိုးသားနေ့ သတ်မှတ်သင့်တယ်ဆိုတဲ့ အကြံပြုစာတွေ လက်ခံရရှိနေတုန်းဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးလှမြင့်က “ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီ နှစ်ခု ပေါင်းစည်းခြင်းကြောင့် ရခိုင်အမျိုးသားနေ့ပေါ်ထွန်းရေးကို မထိခိုက်စေချင်ဘူး။ ကော်မတီဆိုတာကလည်း ဘယ်နိုင်ငံရေး ပါတီကိုမှ အခြေမခံတဲ့သီခြား လွတ်လပ်တဲ့ကော်မ တီဆိုတဲ့အတွက် နိုင်ငံရေးပါတီတွေထက် ရခိုင်ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒကိုပဲဦးစားပေးဖို့လိုပါတယ်” ဟုထောက်ပြသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားနေ့ဆိုင်ရာသဘောထားမှာ သမိုင်းပညာရှင် ဦးဦးသာထွန်း အဆိုပြုခဲ့သော ရခိုင်ဘုရင်မင်းစောမွန်က မြောက်ဦးမြို့ ကိုပန္နက်ချခဲ့သည့် တော်သလင်းလပြည့်ကျော် ၁ ရက်ကို ရွေးချယ်ထားသော်လည်း ရခိုင်လူထု၏ ဆန္ဒကိုသာအခြေခံမည်ဖြစ်ကြောင်း ဦးလှမြင့်က ဆက်ပြောသည်။
ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးကော်မတီသည် ထိုနေ့ကိုသတ်မှတ်ရန် အဆိုပြုလွှာများ တောင်းခံထားခဲ့ရာ ဆရာတော်ဦးဥတ္တမနေ့ စက်တင်ဘာ ၉ ရက်၊ မြောက်ဦးခေတ် ဗမာဘုရင်နှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးသည့်နေ့၊ ဓည၀တီစတင်ထူထောင်သည့်နေ့၊ မဟာမုနိကိုယ်တော် ရေစက်သွန်းချသည့်နေ့၊ ရခိုင်ပြည်အား စန္ဒာသူရိယ စတင်ထူထောင်သည့်နေ့၊ ရခိုင်အမျိုးသားများခေတ်သစ် နိုင်ငံရေး နိုးကြားလာသည့်နေ့များကို သတ်မှတ်ရန် အကြံပြုကြကြောင်း ကော်မတီထံမှ စုံစမ်းသိရှိရသည်။
ရခိုင်အမျိုးသားနေ့ကို ရွေးချယ်ရာတွင် “ရာသီဥတုသာယာ ကောင်းမွန်သောနေ့နှင့် အောင်ပွဲခံနေ့ဖြစ်ရမည်” ဟူသော အချက်များကို အဓိကထားထည့်သွင်း စဉ်းစားရန်လိုကြောင်းကို ကော်မတီကမူ ချမှတ်ထားသည်။
Mizzima - News in Burmese
No comments:
Post a Comment