Sunday, September 1, 2013

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ယာဉ်ရပ်နားစခန်းသစ်အချို့ ပြုလုပ်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း မပြုလုပ်နိုင်သေး

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေနိုင်မည့် ယာဉ်ရပ်နားစခန်း အသစ်များ ဖော်ထုတ်ရန် လိုအပ်နေပြီး ယာဉ်ရပ်နားစခန်းသစ်အချို့ ပြုလုပ်မည်ဟု ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သော်လည်း မလုပ်နိုင်သေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ရပ်နားစခန်း အသစ်တစ်ခုအဖြစ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ်ရှေ့ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေပေါ် (မင်းရဲကျော်စွာလမ်းထောင့်)နှင့် ကွန်တိန်နာယာဉ် ရပ်နားစခန်း တစ်ခုကို ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းရှိ အမှတ် ၆ သစ်စက်ဝင်းနေရာတွင် ပြုလုပ်ပေးမည်ဟု ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့ကြောင်း၊ ထို့နောက် သူနာပြု တက္ကသိုလ်ရှေ့ရှိ ယာဉ်ရပ်နားစခန်းအတွက် ပြင်ဆင်မှု လုပ်နေချိန်တွင် ဟံသာဝတီ ယာဉ်ရပ်နားစခန်းအား အဆင့်မြှင့်မည်ဖြစ်၍ အဆိုပါ ရပ်နားစခန်းအား ယင်းနေရာသို့ ပြောင်းရွှေ့ခဲ့ရခြင်းကြောင့် ယာဉ်ရပ်နားစခန်းမှာ မလုပ်ဖြစ်တော့ကြောင်း၊ အဆိုပါ ယာဉ်ရပ်နားစခန်းမှာ လက်ရှိမင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း (ယာယီ)အဖြစ် အသုံးပြုနေရပြီး ကျန်းမာရေး ၀န်ကြီးဌာနမှ လိုအပ်ချိန်တွင် ပြန်ပေးရမည်ဟု သိရသည်။ ကွန်တိန်နာယာဉ် ရပ်နားစခန်းကိုမူ လက်ရှိစတင် အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခင်ယာဉ်ရပ်နားနိုင်သည့် နေရာအဖြစ် အသုံးပြုခဲ့သော ဗိုလ်ချုပ်ဈေး လဟာပြင် မြေကွက်တွင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ ၂၄ ထပ်နှင့် ၃၂ ထပ်အမြင့်ရှိ Twin Tower ဆောက်လုပ်နေသောကြောင့် ယင်းနေရာ အသုံးပြု၍ မရတော့ကြောင်းနှင့် ယင်းတာဝါအား လေးနှစ်ကြာ တည်ဆောက်မည်ဖြစ်ပြီး ပြီးမှသာ ယင်းနေရာတွင် အဆင့်မြင့် ကားပါကင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်မြို့တွင်းမှာ ယာဉ်ရပ်နားစခန်းတွေလုပ်ဖို့ မြေနေရာ မရှိဘူး။ လမ်းမတွေပေါ်မှာပဲ လူသွားစင်္ကြံကို ကျဉ်းပြီးလမ်းချဲ့၊ ယာဉ်ရပ်နားနိုင်အောင် အဓိက လုပ်ပေးနေတယ်" ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူက ဆိုသည်။

Eleven Media Group

No comments:

Post a Comment