မိုးကုတ်ရတနာမြေနှင့် မိုင်းရှူးရတနာမြေများတွင် နိုင်ငံသား ပုဂ္ဂလိက ကုမ္ပဏီနှင့် သမ၀ါယမ အသင်းများမှ ခွင့်ပြုမိန့်များ ရယူ၍ ကျောက်မျက်တူးဖော် ထုတ်လုပ်နေသည့် ကျောက်မျက်လုပ်ကွက်များမှ သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက်များနှင့် ဖော်ထုတ်လုပ်ကွက်များကို နိုင်ငံသား လုပ်ငန်းရှင်များအား ထပ်မံလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်မျက်လုပ်ကွက်များအား မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၁၂၊ ၁၃၊ ၁၅ နှင့်အညီ ဈေးပြိုင်စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာန၊ ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေဖြင့် ကျောက်မျက်ရတနာ လုပ်ကွက်များအတွက် ဈေးပြိုင်စနစ်ဖြင့် ချိပ်ပိတ်အဆိုပြုလွှာများ တင်သွင်းရာတွင် လုပ်ကွက်တစ်ကွက်အတွက် အာမခံစပေါ်ငွေ ကျပ် ၁၀ သိန်းကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ကျောက်မျက်လုပ်ကွက်များအတွက် အဆိုပြုလျှောက်ထားသော ကုမ္ပဏီအနေဖြင့် အဆိုပြုလွှာနှင့်အတူ ငွေကြေးခိုင်မာမှုရှိကြောင်း Bank Statement ကို ပူးတွဲတင်ပြရမည် ဖြစ်သည်။
ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်း ကော်မတီ အနေဖြင့် နာမည်ပျက် (Black List) စာရင်း တင်သွင်းခံရသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများမှ ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ကွက်များအတွက် အဆိုပြု လျှောက်ထားခြင်းအား ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ယခုထပ်မံ လုပ်ကိုင်ခွင့်ပြုမည့် သတ်မှတ်လုပ်ကွက်များမှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာတို့တွင် လုပ်ကိုင်ခွင့်သက်တမ်း ကုန်ဆုံးမည့် လုပ်ကွက်များ ဖြစ်သဖြင့် လုပ်ကိုင်လိုသူများ အနေဖြင့် စက်တင်ဘာ ၁၈ ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment