Wednesday, September 25, 2013

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်ရှိ လျှပ်စစ်မီး အလုံအလောက် မရရှိသေးသည့် နေရာများ မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၄၀ အတိုးမဲ့ ချေးငွေပေးအပ်ပြီး ၂၀၁၄ ခုနှစ်အကုန် စတင်နိုင်မည်

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်ရှိ လျှပ်စစ်မီး အလုံအလောက် မရရှိသေးသည့် နေရာများ မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၄၀ အတိုးမဲ့ ချေးငွေပေးအပ်ရန် သဘောတူလိုက်ပြီး အဆိုပါ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမှု လုပ်ငန်းများကို ၂၀၁၄ ခုနှစ်အကုန်တွင် စတင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ယင်းစီမံကိန်းကို အကောင်အထည် ဖော်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အရေးပါသော အကူအညီအဖြစ် မွန်ပြည်နယ်တွင် စွမ်းအားမြင့် ခေတ်မီလျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ သက်တမ်းလွန်နေသည့် တာဘိုင် အဟောင်းနေရာတွင် အစားထိုး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီသဘာဝ ဓာတ်အားပေး စက်ရုံက ထွက်တဲ့ ဓာတ်အားတွေကို National Grad ထဲကိုပဲ ထိုးထည့်သွားမှာပါ။ စုစုပေါင်း ငါးရာခိုင်နှုန်း လောက်တော့ ကိုယ်စားပြုမယ်လို့ သိရပါတယ်။ ဘာကြောင့် သထုံမှာ လုပ်ရတာလဲဆိုတော့ သထုံနားမှာက နိုင်ငံတော် ဓာတ်အားပေး ကွန်ရက်နဲ့ ချိတ်ဆက်နေတာရှိတယ်။ ဒါကြောင့် ဒီအထဲကို ထည့်လိုက်ရင် တစ်နိုင်ငံလုံး လိုအပ်သလို ဖြန့်ဝေသုံးစွဲလို့ ရပါတယ်။ ဥပမာ ရန်ကုန်တိုင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနဲ့ မွန်ပြည်နယ်မှာ Shortage ဖြစ်နေတဲ့ နေရာတွေကို ဖြန့်ဝေပေးလို့ ရပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ Country Manager ဖြစ်သူ Kanthan Shankar က စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စုစုပေါင်း လူဦးရေ၏ လေးပုံတစ်ပုံမှာ ဆင်းရဲနွမ်းပါးလျက်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာ၏ ရာခိုင်နှုန်း ၇၀ ကျော် လျှပ်စစ်ဓာတ်အား မရှိကြောင်း၊ ကျေးလက်ဒေသတွင် ပင်မလျှပ်စစ် ဓာတ်အားလိုင်းမှ လျှပ်စစ်ကို ရယူသုံးစွဲနိုင်သူ ကျေးလက်ဒေသ အိမ်ထောင်စု စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိ အပြောင်းအလဲတွေက ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်နိုင်ဖို့အတွက် အလားအလာတွေ အများကြီး ရှိနေပါတယ်။ လျှပ်စစ်ဓာတ်အားကို ပိုမိုရရှိအောင် ဆောင်ရွက်ပေးခြင်းက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာ ဖြစ်သလို လူမှုဘ၀ တိုးတက်စေဖို့ အထောက်အကူ ပြုပါလိမ့်မယ်'' ဟု ကမ္ဘာ့ဘဏ်၏ Country Manager ဖြစ်သူ Kanthan Shankar က ဆက်လက် ပြောကြားသည်။

အဆိုပါ မွန်ပြည်နယ် သထုံတွင် တည်ဆောက်မည့် ဓာတ်အားပေး စက်ရုံမှာ ၁၀၆ မဂ္ဂါဝပ်ရှိသော လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ စီမံကိန်းအတွက် ချေးငွေချပေးရန် ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာအဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် သဘောတူခဲ့ကြောင်း၊ ကျေးလက်ဒေသနေ ပြည်သူ ၃ ဒသမ ၅ သန်းအတွက် အခြေခံ အဆောက်အအုံများ တိုးတက်စေရန် လာမည့် ခြောက်နှစ်အတွင်း ဒေါ်လာသန်း ၈၀ ပေးအပ်မည့် ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှု တိုးတက်ရေး လေ့လာလျက်ရှိသည့် စီမံကိန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment