မြန်မာနိုင်ငံရှိ HIV/AIDS ဖြင့်အသက်ရှင်နေထိုင်သူများအတွက် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးသော အစီအစဉ်များ ရှိနေသော်လည်း ထောင်နှင့်ချီသော HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများအတွက် ဆေးဝါးများ ရယူနိုင်ရေး အစီအစဉ်များ ရေးဆွဲရန်လိုနေသေးသည်ဟု ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများမှ ပြောကြား လိုက်သည်ဟု Asian Correspondent သတင်းဌာန၏ အင်တာနက်စာမျက်နှာတွင် စက်တင်ဘာ ၁ ရက်ကဖေါ်ပြသည်။
“ဆေးဝါးတွေက ရောက်နေပါပြီ။ ဒါပေမဲ့ ဆေးဝါးကုသဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန် ကန်ကန် အကောင် အထည်ဖော်နိုင်ဖို့အတွက် ရှင်းလင်းတိကျတဲ့ အစီစဉ်တစ်ရပ် လိုအပ်နေပါသေးတယ်” ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF အကြီးအကဲ Peter Paul de Groote ကပြောသည်။
လွန်ခဲ့သော ဇွန်လတွင် ကမ္ဘာ့ရံပုံငွေအဖွဲ့မှ AIDS, တီဘီနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် လိုအပ်သော ARV ဆေးများပံပိုးပေးနိုင်ရန်အတွက် ကန်ဒေါ်လာသန်း ၁၆၀ ခန့်အားပေးအပ်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ ရန်ပုံငွေများဖြင့် နောင်လေးနှစ်စာအတွက် လျာထားထားခြင်းဖြစ်ပြီး လူနည်းစုတိုင်းရင်းသား လက်နက်ကိုင် များ ထိန်းချုပ်ထားသည့်ဒေသများနှင့် ကျေးလက်ဒေသများအပါအ၀င် မြန်မာနိုင်ငံအတွင်းတွင် ရောဂါဝေဒနာသည်များ ဆေးဝါးရရှိစေရန် ဆောင်ရွက်သွားမည်ဟုသိရသည်။
“အချို့ဒေသတွေက အစိုးရကတိုက်ရိုက် ထိန်းချုပ်ထားတဲ့ ဒေသတွေမဟုတ်တာက ကျွန်တော်တို့အတွက် အခက်အခဲ တစ်ရပ်ပါပဲ” ဟု UNAIDS မှ HIV/AIDS ဆိုင်ရာဌာနေကိုယ်စားလှယ် Eamonn Murphy က ပြောသည်။
UNAIDS အဆိုအရ မြန်မာနိုင်ငံတွင် HIV ရောဂါခံစားနေရသူပေါင်း ၂၂၀,၀၀၀ ဦးခန့်ရှိပြီး ၁၂၀,၀၀၀ မှာ ARV ဆေးများလိုအပ်နေသည်ဟု သိရသည်။ လွန်ခဲ့သော ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းတွင် ARV ဆေးဝါး လိုအပ်သည့် ရောဂါဝေနာရှင်များ၏ ၃၂ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ပေးထားသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်တွင် HIV နှင့် အတူနေထိုင်သူ ၈၅ ရာခိုင်နှုန်းကို ဆေးဝါးများထောက်ပံ့ပေးနိုင်ရေး ရည်မှန်းချက်အားပြည့်မီရန် အလားအလာ ကောင်းများရှိနေသည်။
၂၀၁၂ ခုနှစ်တွင် မြန်မာအာဏာပိုင်များမှ ARV ဆေးဝါးများဖြင့် ကုသမှုခံယူနိုင်သည့် ဆေးခန်းပေါင်း ၁၀၀ ခန့် ထပ်မံ တိုးမြှင့်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၅၇ ခုသာရှိခဲ့သည်။ သို့သော် ယင်းဆေးခန်းများ၏ ၇၀ ရာ ခိုင်နှုန်းမှာ ရန်ကုန်၊ မန္တလေးနှင့် ကချင်ပြည်နယ်တို့တွင်သာရှိနေပြီး ကျန်နေရာများမှာဆေးဝါးမလုံ လောက်သည့် ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
ကမ္ဘာ့ရန်ပုံငွေအဖွဲ့သည် နယ်စပ်ဒေသများတွင် ဆေးဝါးကုသမှု ပေးနိုင်ရန်အတွက် လောလောဆယ်တွင်မြန်မာနိုင်ငံ အတွင်းမှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေပြီး ၂၀၁၄ ခုနှစ်တွင် စတင်ဝန်ဆောင်နိုင်လိမ့်မည်ဟုမျှော်လင့်နေသည်။
Mizzima News






0 comments:
Post a Comment