မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ် ခြောက်မြို့နယ်အတွင်း ခွင့်ပြုမိန့်မတင်ဘဲ ဆောက်လုပ်ထားသော အဆောက်အအုံ ၁၂၀ ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အဆောက် အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင်က မဇ္ဈိမကို ပြောသည်။
“ခွင့်ပြုမိန့်တော့ တင်ကြတယ်။ ဒါပေမဲ့ မစောင့်ဘဲ ဆောက်ကြတယ်။ ခွင့်ပြုမိန့် ကျတဲ့အထိ မစောင့်ဘူး။ အဲလိုဆောက်တဲ့ အဆောက်အအုံတွေကိုလည်း ခွင့်ပြုမိန့်မရှိဘဲ ဆောက်တယ်လို့ သတ်မှတ်ပါတယ်”ဟု ဦးမျိုးအောင် က ပြောသည်။
သို့ရာတွင် ကန်ထရိုက်အချို့သည် ခွင့်ပြုချက်တင်ကာ ဆောက်သော်လည်း ခွင့်ပြုချက်တင်ထားသော မကိုက်ညီခြင်း၊ အထပ်ရေတိုးဆောက်ခြင်းများကိုလည်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည်ဟုသာ သတ်မှတ်သည်ဟု ဆိုသည်။ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော ကုမ္ပဏီများတွင် နာမည်ကြီးကုမ္ပဏီများ မပါဝင် ဟု ဆိုသည်။
အဆောက်အအုံများကို ခွင့်ပြုချက်မရှိဘဲ ဆောက်နေသည်ကို စစ်ဆေးတွေ့ရှိပါက တရားဝင် စာထုတ်ကာ ဆက်လက် မဆောက်လုပ်ရန် တားမြစ်သည်ဟု ဦးမျိုးအောင်က ပြောသည်။
“တရားဝင် အကြောင်းကြားတယ်။ လုပ်ထုံးလုပ်နည်းတွေကို ရှင်းပြတယ်။ ဆောက်တာကိုရပ်ပြီး မြေယာ ပုံစံ ၁၀၅ နဲ့အတူ ဥပဒေနဲ့အညီ ဆောက်မိန့်ရအောင် တင်နိုင်တယ်”ဟု ဦးမျိုးအောင်က ပြောသည်။
ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းကြောင့် အကြောင်းကြားခံရပြီး ဆက်လုပ် ဆောက်လုပ်ခြင်းပြုမပြုကို စည်ပင်မှ ဓာတ်ပုံမှတ်တမ်းဖြင့် စောင့်ကြည့်သွားမည်ဖြစ်ပြီး ဆက်လက် ဆောက်လုပ်သည်ကို တွေ့ရှိရ ပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံဆိုင်ရာ နည်းဥပဒေများဖြင့် အရးယူဆောင်ရွက်မည်ဟု ထုတ်ပြန် ထားသည်။
ထို့အပြင် စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံဆိုင်ရာ နည်းဥပဒေ အပိုဒ်(၁၄)အရ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲပြားနေပြီး စည်းကမ်းများ ချိုးဖောက်သည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေများ ရိုက်သွား ကာ သတ်မှတ်ကာလအတွင်း ဖြိုဖျက်၍ သတ်မှတ်ထားသော ပုံစံအတိုင်း ပြန်လည် တည်ဆောက်ရမည်ဟု ပါရှိ သည်။
Mizzima - News in Burmese
No comments:
Post a Comment