ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ် ရွှေမျက်မှန် ဘုန်းတော်ကြီးကျောင်းတွင် ပြည်ခရိုင်အတွင်း လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးမှ ဦးဆောင်ကာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်ကို အောက်တိုဘာလ (၆) ရက်က ယာယီ ဖွဲ့စည်းလိုက်သည်။
ထိုကွန်ရက်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဇာတိဖြစ်သော ပြည်ခရိုင်ရွှေတောင်မြို့နယ် ၀ါးလယ်ကျေးရွာ ဇာတိဖြစ်ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ ဆရာကြီးနေထိုင်ရာ ခြံဝင်းနေရာတွင် ဆရာကြီး၏ ပုံတူကျောက်ရုပ်တုနှင့် ဂါရ၀ပြုရန်နေရာတို့ကို တခမ်းတနား ဆောက်လုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဟု အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။
ထိုအစီအစဉ်အတွက် ဆရာကြီး၏ မြစ်တော်သူ ၀ါးလယ်ရွာတွင် နေထိုင်သော ဦးမျိုးကြည်နှင့် ရန်ကုန် မြို့တွင်နေထိုင်သော ဒေါ်မြအေးတို့ထံမှ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။
ကွန်ရက်ဖွဲ့စည်းရခြင်းမှာ လတ်တလော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဆရာကြီး၏ “သူမနာ ငါမနာ”နိုင်ငံရေးစကားဝိုင်းထိုင် တွေ့ဆုံညှိနှိုင်း အဖြေရှာရေးမူကို ကိုင်စွဲကာ ရည်ရွယ်ချက်မတူသည့် အင်အားစုများ ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်သည်ဟု သိရသည်။
ထိုကွန်ရက်သည် တိုင်းပြည်တွင် လူမျိုးရေး၊ ဘာသာရေးအား အကြောင်းပြကာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်မှု ဖန်တီးခြင်းအား ဆန့်ကျင်ကာ နောက်ကွယ်မှ ကြိုးကိုင်လှုံ့ဆော်သူများကို ဖော်ထုတ် ရန် တောင်းဆိုသွားမည်ဟု သိရသည်။ ထို့အပြင် လယ်သမား၊ အလုပ်သမား အရေးများတွင် အင်အားသုံး နှိမ်နင်းမှု များကို ဆန့်ကျင်သည်ဟု ဆိုသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်ကို ပြည်ခရိုင်ရှိ မြို့နယ်များဖြစ်သော ပေါင်းတလည်၊ပေါက်ခေါင်း၊ ပြည်၊ ပေါင်းတည်၊ ရွှေတောင်တို့မှ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ တက်ရောက်သူ ငါးဆယ်ကျော်ဖြင့် ယာယီဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များကို ရန်ကုန်၊ မန္တလေး၊ မြင်းခြံနှင့် ပြည်တို့တွင် ယာယီ ဖွဲ့စည်း ခဲ့ပြီး တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းသွားမည်ဟုလည်း အခမ်းအနားတက်ရောက်သူများက ပြောသည်။
Mizzima - News in Burmese






0 comments:
Post a Comment