Monday, October 7, 2013

ပင်လယ်ပြင်အငြင်းပွားမှု၌ အုပ်စုမဖွဲ့ရန် ကန်၊ ဂျပန်၊ ဩစတြေးလျတို့ကို တရုတ် သတိပေး

တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ် အတွင်းမှ နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားမှုများ အပေါ် ဝင်ရောက်စွက်ဖက်နိုင်ရေးအတွက် ၎င်းတို့၏မဟာမိတ် အုပ်စုကို အသုံးမချရန် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံတို့အား တရုတ်နိုင်ငံက တနင်္လာနေ့တွင် သတိပေးပြီး ပြင်းထန်နေသည့် ဒေသတွင်းတင်းမာမှုများမှ လက်ရှောင်ကြရန်လည်း ၎င်းတို့ကို တိုက်တွန်းလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသော ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘီရှော့၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါနှင့် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီတို့သည် သုံးနိုင်ငံ မဟာဗျူဟာ ဆွေးနွေးပွဲတွင် ပင်လယ်ရေပြင်ဆိုင်ရာ အငြင်းပွားမှုများကို တင်ပြခဲ့ကြသည်။

တရုတ်ဘာသာဖြင့် ဒိုင်အိုယု၊ ဂျပန်ဘာသာဖြင့် ရှင်ကာကူဟုခေါ်သော အရှေ့တရုတ်ပင်လယ် အတွင်းရှိ လူနေထိုင်ခြင်းမရှိသောကျွန်းများကို ပိုင်ဆိုင်ကြောင်း အငြင်းပွားရာမှ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ဆက်ဆံ ရေးမှာ မကြာမီနှစ်များအတွင်းက ဆိုးရွားလာခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း၌ ဗီယက်နမ်၊ ဖိလစ် ပိုင်၊ တရုတ်(တိုင်ပေ)၊ မလေးရှား၊ ဘရူနိုင်းနှင့် တရုတ်နိုင်ငံ တို့သည် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ကြွယ်ဝဖွယ်ရှိသော ကျွန်းစုများကို ပိုင်ဆိုင်ကြောင်း အချိန်ကာလကြာမြင့်စွာ ကပင် အငြင်းပွားလျက်ရှိသည်။

အမေရိကန်၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံတို့၏ ဆွေးနွေးပွဲအပြီးထုတ်ပြန်သော ပူးတွဲကြေညာချက် ကို အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဆိုက်၌ ဖော်ပြထားရာ အရှေ့တရုတ်ပင်လယ် အတွင်း ရှိရင်းစွဲအခြေအနေကို ပြောင်းလဲသွားစေနိုင်သော နိုင်လိုမင်းထက် ခြိမ်းခြောက်မှု သို့မဟုတ် တစ်ဖက်သတ် အရေးယူဆောင်ရွက်မှုကို ဆန့်ကျင်ကြောင်းနှင့် တောင်တရုတ် ပင်လယ် အတွင်း ရေပြင်ပိုင်ဆိုင်မှုအငြင်းပွားမှုတွင် ပိုင်ဆိုင်ကြောင်း တောင်း ဆိုကြသော နိုင်ငံများ ကို တည်ငြိမ်မှုပျက်ပြားစေသည့်အပြု အမူများမှ လက်ရှောင်ကြရန် တောင်းဆိုသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment