Wednesday, October 16, 2013

မိဘမဲ့ မိန်းကလေးသီးသန့် ပရဟိတဂေဟာ ၂၀၁၅ တွင် ဖွင့်မည်

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် အိုင်ဝိုင်းကျေးရွာတွင် လာမည့် ၂၀၁၅ တွင် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်မှ ဦးစီး၍ အမျိုးသမီး မိဘမဲ့မိန်းကလေး သီးသန့် ပရဟိတဂေဟာအား ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။

အဆိုပါဂေဟာတွင် မွေးကင်းစမှ စ၍ အသက်အရွယ်အလိုက် မိန်းကလေးများသာ အဆင့်ဆင့် သီးသန့်ထားရှိမည့်ဂေဟာဖြစ်သည်။

“မြောက်ဥက်္ကလာပဆေးရုံမှာဆို မွေးပြီး ပြီးချင်း စွန့်ပစ်ခံရတာတွေ တွေ့ပါတယ်၊ မိဘတွေက ဆေးရုံက ဆင်းပြေးတယ်၊ အဲဒါတွေမြင်ပြီးကတည်းက ဆရာတော်က မိန်းကလေးတွေရဲ့ ခိုကိုးရာမဲ့ဘ၀ကို ထိန်းသိမ်းပေးချင်လို့ ဒီဂေဟာလေးကို လုပ်ဖြစ်သွားတာပါ။ ယောက်ျားလေးတွေကတော့ ဘုန်းကြီးကျောင်းမှာ စောင့်ရှောက်တာတွေရှိတယ်၊ ဘုန်းကြီးနဲ့ အမျိုးသမီးကတော့ မအပ်စပ်ဘူးလေ၊ ဒါကြောင့် အမျိုးသမီးသီးသန့် လုပ်ချင်တာပါ”ဟုဂေဟာ၏ တာဝန်ခံ မလင်းလင်းမှ မဇ္ဈိမကို ပြောသည်။

နို့ဘူးတိုက် ကလေးအရွယ်မှစ၍ ကြီးပြင်းလာသည့်အထိ အသက်အရွယ်အလိုက် ကျန်းမာရေး၊ ပညာရေး စသည်တို့ကို ကဏ္ဍအလိုက် တာဝန်ယူသွားမည်ဖြစ်ပြီး ကျောင်းပြီးသည့်အရွယ်ရောက်လျှင်လည်း ထူးချွန်သည့်ကလေးများမှာ တက်ရောက်နိုင်သည့် သင်တန်းများအား ဆက်လက်သင်ကြားနိုင်ရန် ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း ဂေဟာတာဝန်ခံက ဆိုသည်။

ယင်းဂေဟာအား ၂၀၁၄ ဇွန်လဆန်းတွင် စတင်လက်ခံမည်ဖြစ်သည်။ လူဦးရေအားဖြင့် အယောက် ၁၀၀ အား စတင်၍ လက်ခံမည်။ နောက်ပိုင်းတွင် ထပ်မံ၍ လူဦးရေတိုးချဲ့ရန်ရှိသည်။ ဂေဟာသို့ဝင်ရောက်မည့် မိန်းကလေးများအနေဖြင့် လုံးဝမိဘမဲ့ မိန်းကလေးများဖြစ်ပြီး၊ ခိုကိုးရာမဲ့သည့် မိန်းကလေးသီးသန့်သာ လက်ခံမည်ဟု ယင်းမှ ပြော
သည်။

ဂေဟာတွင် ကိုးကွယ်သည့် ဘာသာရေး ခွဲခြားထားမည်မဟုတ်ဘဲ ဆောက်လက်စ အဆောက်အအုံမှာ အလျား ၂၅ပေ၊ အနံ ပေ ၁၀၀ ရှိကာ ကုန်ကျငွေမှာ သိန်း ၈၀၀ မတည်ထားပြီး ၂၀၁၅ တွင် စတင်လက်ခံမည်ဖြစ်သည်။

အဆိုပါဂေဟာ၏ မအူပင် နည်းပညာတက္ကသိုလ်မှ ဆရာဦးသူမင်းထိုက်မှ သိန်း ၈၀၀ မတည်ထားပြီး လက်ရှိတွင်ဂေဟာဖြစ်မြောက်ရေးကော်မတီဝင်များနှင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်၍ ဆိုင်းဘုတ်စတင်ခဲ့သည်။

မေတ္တာရှင် (ရွှေပြည်သာ) ၏ လစဉ်အလှူမှာ မိဘမဲ့ကျောင်းများအား ငွေသားလှူဒါန်းခြင်းအပြင်၊ အမြင်အာရုံ ချို့ယွင်းသူများအား လစဉ် အယောက် ၄၀အား မျက်စိခွဲစိတ်မှုများ ပြုလုပ်ပေးနေပြီး ဆင်းရဲနွမ်းပါးသောကျောင်းသား၊ ကျောင်းသူများ အယောက် ၂၀၀ အား၊ ကျောင်းတက်ရန် စီစဉ်ပေးသည်။ 

Mizzima - News in Burmese

No comments:

Post a Comment