ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေး အသွင်ဆောင် ပဋိပက္ခနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေး မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း) က The Voice သို့ ပြောကြားသည်။
သံတွဲမြို့တွင် နှစ်ဖက် လူ့အဖွဲ့အစည်းအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးနှင့် သံတွဲပဋိပက္ခ ဖြစ်စဉ်အတွင်း တရားဥပဒေ စိုးမိုးမှု အားနည်းမှုများအကြောင်း သွားရောက် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရခိုင်ပြည်နယ် အစိုးရနဲ့ရော သံတွဲမြို့က ရပ်မိရပ်ဖတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် လူ့အဖွဲ့အစည်းတွေကို တွေ့ဆုံသွားမှာပါ” ဟု ၎င်းကဆိုသည်။
သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များကို အတွင်းကျကျ လေ့လာရန် လိုအပ်ပြီး နှစ်ဖက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် မျှတစွာဆက်ဆံရန် အရေးကြီးကြောင်း စစ်တွေမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း သံတွဲ လာရောက်မည့် ကိစ္စနှင့် ပတ်သက်၍ ပြောကြားသည်။
“စစ်တွေမှာ လာတုန်းကတော့ ဘာမှထူးထူးခြားခြား ဖြစ်မလာပါဘူး။ သံတွဲ အခြေအနေကတော့ စောင့်ကြည့်ရမှာပါ” ဟု ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း လာရောက်ခြင်းနှင့် ပတ်သက်ပြီး စစ်တွေ မြို့နယ် အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်သူ ဦးအောင်သိန်းက ပြောကြားသည်။
သုံးဘီးဆိုင်ကယ် တပ်ဆင်ထားသော သာသနာ့အလံကို ငပလီ အထွေထွေ ရောင်းဝယ်ရေးမှ ဦးကျော်ဇံလှက ဖျက်ဆီးခဲ့သည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဦးကျော်ဇံလှကို ရဲစခန်းက ထိန်းသိမ်းခဲ့ပြီး တစ်ရက်အကြာတွင် ပြန်လွှတ်ပေး ခဲ့သောကြောင့် ဒေသခံများက မကျေနပ်မှုများဖြစ်ကာ မီးရှို့အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။
သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် လူငါးဦး သေဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ အိမ်ခြေ ၁၀၀ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၅၀၀ ဝန်းကျင် ဒုက္ခရောက်ခဲ့သည့် ယင်းအကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှုနှင့် ဒေသခံ ၄၄ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း ဒေသအာဏာပိုင်များထံမှ သိရှိရသည်။
အဆိုပါ သံတွဲပဋိပက္ခသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပဋိပက္ခသည် လှုံ့ဆော်သူများက နိုင်ငံတော်သမ္မတ ခရီးစဉ်နှင့် ချိန်ကိုက်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆိုထားသည်။
The Voice Weekly
No comments:
Post a Comment