တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၀ကုန်း ကျေးရွာအနီးရှိ ရေဖြူချောင်းနှင့် ပျားသားချောင်းအနီးတွင် အရှေ့တိုင်း ကုမ္ပဏီမှ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ရွာငါးရွာမှ ဒေသခံများအတွက် သောက်သုံးရေမသန့်ရှင်းမှုနှင့် စိုက်ပျိုးရေးလုပ်ငန်း ခက်ခဲမှုများ ကြုံတွေနေရသည်ဟု ဒေသခံများက ပြောသည်။
“ခဲသတ္တုတူးဖော်တာဖြစ်တဲ့အတွက် ချောင်းရေတွေက နုန်းရေတွေပဲ စီးဆင်းနေတယ်။ ဒီချောင်းကို အမှီပြုပြီးနေကြတဲ့လူတွေအတွက် သောက်သုံးရေ အခက်အခဲဖြစ်သွားကြတယ်။ နောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင် ကြတာဖြစ်တဲ့အတွက် ဒီရေတွေနဲ့ အပင်တွေကို လောင်းရင် အပင်တွေ သေကြတယ်။ ဒါ့ကြောင့် ဒီစီမံကိန်းကို မလိုလားဘူး” ဟု ၀ကုန်းကျေးရွာမှ ဦးဇော်အောင်က ပြောသည်။
ရေဖြူချောင်းနှင့် ပျားသားချောင်းကို အမှီပြု၍ သောက်ရေသုံးရေနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ဆောင်နေသော ကျေးရွာများသည် ၀ကုန်းကျေးရွာ၊ သရက်ငှက်ကျေးရွာ၊ ရမ္မဇူကျေးရွာ၊ လိပ်ကျယ်မြောင်ကျေးရွာတို့ဖြစ်သည်။ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ရေမသန့်ရှင်းမှုများဖြစ်ပေါ်ပြီး ရေချိုးရာတွင်လည်း အရေပြား ယားယံခြင်းများ ဖြစ်ပေါ်ခြင်း၊ အရေပြားရောဂါများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။
ထို့သို့သော အကြောင်းများကြောင့် ခဲသတ္တုလုပ်ငန်းကို ဖျက်သိမ်းပေးရန် ကျေးရွာငါးရွာမှ ဒေသခံများက စုပေါင်းကာ လက်မှတ်ထိုးပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ်ထံ ယခုနှစ် မတ်လက စာတင်ကာ တောင်းဆိုခဲ့ သော်လည်း အကြောင်း တစ်စုံတစ်ရာ ထူးခြားခြင်းမရှိပေ။
“နွေရာသီရောက်ရင် စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လုပ်ကိုင်မှာဖြစ်တဲ့အတွက် အပင်တွေ သေမှာကို စိုးရိမ်နေတယ်” ဟု ဒေသခံ ဦးစံထွန်းမြင့်က ပြောကြားခဲ့သည်။
ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကို အရှေ့တိုင်းကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရန် မဇ္ဈိမက ကြိုးစားခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။
သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက စီမံကိန်းလုပ်မည့်ဒေသရှိ ဒေသခံများ၏ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများကို လေ့လာမှုပြုလုပ်ပြီး ထိခိုက်နစ်နာမှုနည်းမှသာ လုပ်ကိုင်သင့်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်သည်ဟု Eco Dev မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက အကြံပြုပြောကြားသည်။
ခဲသတ္တုတူးဖော်ရေးလုပ်ငန်းလုပ်သည့် အရှေ့တိုင်းကုမ္ပဏီကို ၂၀၁၀-၂၀၁၁ ခုနှစ်တွင် တူးဖော်လုပ် ကိုင်ခြင်းဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment