Wednesday, October 16, 2013

ဂမ်လန်ရာဇီသို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သူများ၏ ကိုယ်ရေးအချက် အလက် သမ္မတ တောင်းခံထား

ဂမ်လန်ရာဇီတောင်သို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့တွင် လမ်းပြအဖြစ်လိုက်ပါခဲ့သည့် ဦးနမားဂျွန်ဆင်နှင့် ဦးဒါဝိတို့၏ ကိုယ်ရေးအချက်အလက်များကို နိုင်ငံတော်သမ္မတက တောင်းခံ ထားသည်ဟု ဂမ်လန်ရာဇီတောင်တက်ခရီးစဉ်ကို ထောက်ပံ့ခဲ့သည့် ထူးဖောင်ဒေးရှင်းမှ ဒု-ဥက္ကဋ္ဌ ဦးဖိုးသင်မောင်က ပြောသည်။

ဦးဖိုးသင်မောင်က “လောလောဆယ်တော့ သမ္မတကြီးက သူတို့ရဲ့ ကိုယ်ရေးရာဇ၀င် အချက် အလက်တွေကို ကျွန်တော်တို့ဆီကတစ်ဆင့် တောင်းဆိုထားတာတော့ ရှိတယ်။ ကျွန်တော်တို့ကလည်း သမ္မတကြီးကို အချက်အလက်တွေ တင်ပြပေးဖို့တော့ရှိတယ်။ နောက်ပြီး သမ္မတက တွေ့ခွင့်ပေးရင်လည်း သွား ရောက်တွေ့ဆုံဖို့ရှိတယ်” ဟု ပြော သည်။

ယခုနှစ် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံသား နှစ်ဦးနှင့် အမေရိကန်နိုင်ငံသား ငါးဦး ပါဝင်သော တောင်တက်အဖွဲ့ သည် စက်တင်ဘာ ၇ ရက်တွင် ဂမ်လန်ရာဇီတောင်ထိပ်သို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်နိုင်ခဲ့သည်။

တောင်တက်ခရီးတွင် လမ်းပြအဖြစ် လိုက်ပါခဲ့သည့် ဦးနမားဂျွန်ဆင်မှာ မြန်မာနိုင်ငံသား တိဗက်မျိုးနွယ်ဝင်ဖြစ်ပြီး ဦးဒါဝိသည် မြန်မာနိုင်ငံတွင် သုံးဦးသာ တွေ့ရှိရတော့သည့် လူပုမျိုးနွယ်ဝင်ဖြစ်သည့် ထရုံလူမျိုးဖြစ်ကာ အစ်မတစ်ဦးနှင့် ညီမတစ်ဦးတို့နှင့်အတူ နေထိုင်သည်။

ဦးဖိုးသင်မောင်က “ဂမ်လန်ရာဇီတောင်ထိပ်ကို တက်တုန်းက ဦးနမားဂျွန်ဆင်တို့က ရှေ့ကတက်ပြီး သူ တို့ရောက်တဲ့ နေရာကနေ ကြိုးတွေချပေးတယ်။ နိုင်ငံခြားတောင်တက်သမားတွေက အဲဒီကြိုးတွေကိုဆွဲပြီး တက်တာကို တွေ့ရတယ်။ တကယ်တမ်း နိုင်ငံတကာမှာ သတင်းပြန်လွှင့်တဲ့အခါ နိုင်ငံခြားသား တောင်တက်သမားတွေကိုပဲ အဓိကထား ထုတ်လွှင့်နေတာ တွေ့ရတယ်။ အမှန်တော့ မြန်မာနိုင်ငံသား လမ်းပြတွေရဲ့ တောင်တက်စွမ်းရည်က ပိုတောင် ချီးကျူး စရာကောင်းပါတယ်”ဟု ဆိုသည်။

ထို့ပြင် ယင်းလမ်းပြနှစ်ဦးသည် လာမည့်နှစ်အတွင်း မြန်မာနိုင်ငံသား တောင်တက်သမားအချို့နှင့် ဧ၀ရက်တောင်သို့ ထပ်မံ တက်ရောက်ရန် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment