Sunday, October 6, 2013

ဘေးလ်ကို ရီးယဲလ်ထက်ဦးစွာ ခေါ်ယူရန် အခွင့်အရေး ရခဲ့ဖူးသည့် ဘာစီလိုနာ

--------
ဘာစီလိုနာ အနေဖြင့် ဂါရတ်သ်ဘေးလ်ကို ရီးယဲလ်မက်ဒရစ် ဝယ်ယူသည့် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးထက် များစွာလျော့နည်းသည့် ဈေးနှုန်းဖြင့် ခေါ်ယူနိုင်ခွင့်ကို လက်လွှတ်ခဲ့ဖူးကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရီးယဲလ်သည် ယခုနွေရာသီ ဈေးကွက် ကာလအတွင်း ဝေလ လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်သမားအား စတာလင်ပေါင် (၈၆)သန်းဖြင့် ဝယ်ယူခဲ့သည်။ ယင်းသည် ဘောလုံးသမား တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်သည်။ သို့သော်လည်း ဘာစီလိုနာသည် လွန်ခဲ့သော တစ်နှစ်ကျော်က တော့တင်ဟမ် ဟော့စပါး အသင်း၏ ကြယ်ပွင့်ကစားသမားကို ခေါ်ယူရန် အခွင့်အလမ်း ရရှိခဲ့ဖူးပြီး ထိုစဉ်က ဘေးလ်အတွက် ညှိနှိုင်းမှုများ အပြီးသတ် သဘောတူညီမှု မရရှိခဲ့ဟု သိရသည်။

ဘာစီလိုနာသည် ဘယ်နောက်ခံ ကစားသမားသစ် တစ်ဦးကို ရှာဖွေနေရာ ဘေးလ်ကို ဦးစွာ မျက်စိကျခဲ့ခြင်း ဖြစ်သည်။ ဘေးလ်သည် ဆောက်သမ်တန်တွင် ကစားသမားဘဝ အစပြုချိန်က ဘယ်တောင်ပံ ခံစစ်သမားအဖြစ် ကစားခဲ့သူ ဖြစ်သည်။ စပါးအနေဖြင့် ဘေးလ်အတွက် ပေါင်စတာလင် သန်း(၅၀)မျှ ဈေးနှုန်းရရှိလျှင် ဘာစီလိုနာ၏ ချဉ်းကပ်မှုကို တားဆီးရန် အခြေအနေ မရှိခဲ့ကြောင်း ဘေးလ်၏အေးဂျင့် ဂျိုနသန် ဘားနတ်က ပြောကြားခဲ့သည်။ ထိုစဉ်က ဘာစီလိုနာ၏ ကိုယ်စားလှယ်များသည် ကစားသမားနှင့် နှစ်ကြိမ်၊ စပါးအသင်း တာဝန်ရှိသူများနှင့် နှစ်ကြိမ်ထိ တွေ့ဆုံပြီးမှ အပြောင်းအရွှေ့ကိစ္စ ပျက်ပြယ်ခဲ့ခြင်းဟု သိရသည်။

ဘားနတ်က ဘာစီလိုနာ အနေဖြင့် ဘေးလ်အတွက် (၂)နှစ်မျှ စောင့်ဆိုင်းသင့်ကြောင်း အကြံပြုခဲ့ပြီး ဘေးလ်သည် ဗြိတိန်မြေနှင့် မိသားစုကို ခွဲခွာပြီး ကစားသမား ဘဝသစ် အစပြုရန် လုံလောက်သည့် ရင့်ကျက်မှု မရှိသေးဟု ရှင်းပြခဲ့ကြောင်း သတင်းများက ရေးသားခဲ့သည်။ ယခုနွေရာသီတွင်မူ ဘာစီလိုနာသည် ဆန်းတို့စ် တိုက်စစ်မှူး နေမာကိုသာ စတာလင်ပေါင် သန်း(၅၀)ဖြင့် ဝယ်ယူခဲ့ပြီး အသက်(၂၄)နှစ်ရှိ ဘေးလ်မှာမူ ဘာစီလိုနာ အသင်း၏ ခါးသီးသော ပြိုင်ဘက် အသင်းကြီးသို့ အတည်ပြု ပြောင်းရွှေ့ဖြစ်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment