Monday, October 7, 2013

မြစ်သာမြစ် ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခြင်းကို ကန့်ကွက်ကြောင်း အစိုးရအဖွဲ့ထံ စာတင်မည်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း မြစ်သာမြစ် ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခြင်းကို ဒေသခံများက ကန့်ကွက်ကြောင်း အစိုးရအဖွဲ့ထံ စာတင်မည်ဖြစ်သည်ဟု ယင်းဒေသခံကိုခင်မောင်အေးက အောက်တိုဘာ ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။ 

ယင်းသို့ ကန့်ကွက်ကြောင်း စာတင်ရာတွင် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတို့သို့ တင်ပြမည်ဖြစ်ကြောင်းလည်း ဒေသခံ ကိုခင်မောင်အေးက ပြောသည်။ 

ယင်းစီမံကိန်း ဆောက်လုပ်ပါက ပနန်း၊ စံပယ်၊ ဆင်ပုံ၊ ယင်းမာ ကျေးရွာများ ပြောင်းရွှေ့ပေးရမည်ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးမည့်အကြောင်းပြချက်ဖြင့် ကန့်ကွက်ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။ 

ကိုခင်မောင်အေးက “မြစ်သာမြစ်က ပစောက်ပုံသဏ္ဍာန် ပတ်ပြီးစီးတာ၊ အဲဒီအထဲမှာ ရွာလေးရွာ ရှိနေတာ၊ ကန့်ကွက်ရတဲ့အကြောင်းက လူထုက လက်မခံဘူး။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာကြောင့် ကန့်ကွက်တာပါ။ အန္တရာယ် အရမ်းများလို့ပါ”ဟု မဇ္ဈိမကို ပြောသည်။ 

မြစ်သာမြစ်ထဲရှိ ကျေးရွာလေးရွာဖြစ်သော ပနန်း၊ စံပယ်၊ ဆင်ပုံ၊ ယင်းမာ ကျေးရွာများသည် တာတမံ မတော်တဆ ကျိုးပေါက်ပါက အန္တရာယ်အလွန်များပြီး မြစ်သာရေလှောင်တမံသည် ရွာများအထက် ပေ ၂၅၀ တွင် ရှိကြောင်း ပနန်းရွာသား ကိုသန်းဆွေက ဆိုသည်။ 

၎င်းက “၂၀၀၇ ခုနှစ်က မြစ်သာရေလှောင်တာမံ ရေလွှဲဆောက်တာမှာ မြေသားဖြစ်လို့ ရေစီးသန်လို့ ပေါက်ကျဖူးတယ်။ မြစ်သာမြစ်က တံတားတွေ ပါသွားဖူးတယ်။ ဂန့်ဂေါမြို့ ကြိုးတံတား ပါသွားဖူးတယ်။ ကမ်းနားသောင်မြေတွေ ရေဖုံးလွမ်းဖူးတယ်”ဟု သူ၏ တွေ့ကြုံခဲ့ရပုံကို ပြန်လည်ပြောသည်။ 

ထိုကျေးရွာ လေးရွာအပြင် ပြင်သာရွာ၊ အညာကုန်း၊ လာဝဲကုန်း၊ ပေါ်လယ်၊ မင်းရွာ၊ တောဖို့၊ အိမ်သစ်၊ မြေနီကျေးရွာ များလည်း ရေနစ်မြုပ်နိုင်ကြောင်းနှင့် စုစုပေါင်း အိမ်ခြေ နှစ်ထောင်ကျော် ဒုက္ခရောက်နိုင်သည်ဟုလည်း ၎င်းကပြောသည်။ 

ယင်းသို့ စီမံကိန်းဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး ၂၀၀၈ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလက တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင် ဒေသခံများ စုပေါင်းလက်မှတ်ထိုး ကန့်ကွက်စာ တင်ပြထား ခဲ့ပြီး ဖြစ်သည်။ 

၂၀၁၂ ခုနှစ် ဇူလိုင်လကလည်း ယင်းစီမံကိန်း ရပ်ဆိုင်းပေးရန်အတွက် ဒေသခံများ ဆန္ဒပြခဲ့ကြပြီး တည်ဆောက်ရေး ရုံးသို့ သွားရောက် ဆန္ဒပြခြင်း ဖြစ်သည်။

အဆိုပါစီမံကိန်းကြောင့် ဒေသတွင်းရှိ လယ်မြေ ၈၇၀ ဧကကျော်၊ ယာမြေ ဧက ၇၇၀၊ နှစ်ရှည်စားပင်များနှင့် ရွာလေးရွာမှာ ရေအောက်သို့ ရောက်ရှိနိုင်ပြီး ယင်းစီမံကိန်းမှ ရရှိမည့် လျှပ်စစ်ဓါတ်အားမှာ မီဂါဝပ် ၄၀ ဖြစ်သည်။ 

မြစ်သာမြစ် ရေအားလျှပ်စစ်စီမံကိန်းကို ပြီးခဲ့သည့်၂၀၀၂ ခုနှစ် ယခင်အစိုးရလက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအတွင်းရှိ ရွာလေးရွာကို ၉၃ မိုင်ခန့်ကွာဝေးသည့်နေရာတွင် နေရာချထားပေးရန် ၂၀၀၇ ခုနှစ်က စီစဉ်ခဲ့ဖူးသော်လည်း ဒေသခံများက ပြောင်းရွှေ့ခြင်း မရှိပေ။ 

Mizzima News

No comments:

Post a Comment