Tuesday, October 8, 2013

အ၀ါရောင်ရှိသည့် မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိ ငါးဖမ်းသင်္ဘောများ ကမ်းနီး၊ ကမ်းဝေး မထွက်ရန် သတိပေး

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်း တိုင်းထွာချက်အရ ပိုမိုအားကောင်းလာပြီး အ၀ါရောင်အဆင့်ရှိသည့် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိသွားပြီဟု မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ် စိန်စိန်ရီက မဇ္ဈိမသို့ ပြောသည်။

“အ၀ါရောင်အဆင့်ကိုရောက်ရှိပေမယ့် မြန်မာနိုင်ငံဘက်ကို ရောက်လာစရာ အကြောင်းတော့မရှိဘူးပေါ့။ အခုလောလောဆယ်မှာ အနောက်မြောက်ဘက်ကို slowly (တဖြည်းဖြည်း) ရွေ့လျားနေတယ်။ အိန်္ဒိယ ဘက် ကို ပဲ ရွှေ့မှာပေါ့”ဟု ၎င်းက ပြောသည်။

ယင်းမုန်တိုင်းငယ်သည် လက်ရှိတွင် ပုသိမ်မြို့၏အရှေ့တောင် မိုင်၂၉၀၊ ကိုကိုးကျွန်းမြို့၏ အရှေ့တောင်ဘက် မိုင်၂၀၀ အကွာတွင် ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာသည့်အတွက် မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်၊ တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရှိသော ငါးဖမ်းသင်္ဘောများ၊ ကမ်းဝေး၊ ကမ်းနီးသို့ မထွက်ကြရန်လည်း မိုး/ဇလ က သတိပေး ထုတ်ပြန်ထားသည်။

မုန်တိုင်း၏အရှိန်ဖြင့် အထက်ပါ ပင်လယ်ပြင်များတွင် တစ်နာရီ မိုင် ၄၀ နှုန်းဖြင့် လေတိုက် ခတ်နိုင်သော်လည်း ယင်းမုန်တိုင်းငယ်မှာ အိန်္ဒိယနိုင်ငံသို့သာ ၀င်ရောက်နိုင်သည်ဟု ဒေါ်စိန်စိန်ရီက ရှင်းပြသည်။

ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင် မုတ်သုံဝင်ရောက်မှုမှာ ယခုနှစ်အတွင်း သုံးဆယ် ရာခိုင်နှုန်း လျော့ကျလာပြီး ယခုနောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များမှာ ပိုမိုသိသာလာကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အောက်တိုဘာ ၆ ရက်က ပြောဆိုထားသည်။

ယင်းအပြင် မြန်မာနိုင်ငံသည် ရာသီဥတုဒဏ် အဆိုးရွားဆုံးခံစားရသည့် နိုင်ငံများ၏ ဒုတိနေရာတွင်ရှိနေပြီး သဘာဝဘေးအန္တရာယ် ထိခိုက်မှု အဆိုးရွားဆုံး ခံစားရသည့် ဆယ်နိုင်ငံတွင်လည်း မြန်မာနိုင်ငံသည် ဒုတိယနေရာတွင် ရှိနေကြောင်းကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ “‪Myanmar‬ in Transition: Opportunities and Challenges”၏ စစ်တမ်းတွင် ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment