
ပုဂံညောင်ဦး ဒေသတွင် ပြုလုပ်သော ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း၏ ကျန်းမာရေး စောင့်ရှောက်မှု အလှူပွဲအား ပုဂံမြို့ဟောင်း၊ ယွန်းကောလိပ်တွင် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ကျင်းပရာ ဒေသတွင်း လူနာပေါင်း တစ်သောင်းကျော် စာရင်းပေး ကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုးအကြော စသည့်ရောဂါများ အပါအ၀င် ရောဂါကိုးမျိုးအား သုံးရက်ကြာ ကုသပေးမည်ဖြစ်ရာ တိုကင်လက်မှတ် ရရှိပြီးသူ တစ်သောင်းနှစ်ထောင်ကျော်အပြင် တိုကင်လက်မှတ် မရရှိသေးသူများကိုလည်း စစ်ဆေးကုသ ပေးသွားမည်ဖြစ်ကြောင်း ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။
"ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း အနေနဲ့ (၁၉)ကြိမ်မြောက် ဆေးကုသပေးခြင်းဖြစ်ပြီး လူနာပေါင်း တစ်သိန်းကျော် ကုသပေးခဲ့ပါတယ်" ဟု ၎င်းကဆိုပါသည်။
"မျက်စိကတော့ အများဆုံးပဲ။ ပြီးတော့ အရိုးအကြောနဲ့ အထွေထွေရောဂါတွေ ပါတယ်။ ဆိပ်ဖြူ၊ ပခုက္ကူ၊ ရေနံချောင်း၊ ချောက် လာကြတယ်။ ဆိပ်ဖြူကဆို လူနာစုစုပေါင်း ငါးရာတောင် လာပါတယ်" ဟု မြင့်မြတ်သူ သွေးလှူရှင်နှင့် လူနာတင် အသင်းမှ ဒုဥက္ကဋ္ဌ ဦးရဲမြင့်အောင် ပြောကြားသည်။
ရွှေပါရမီ ကျန်းမာရေး အလှူပွဲသို့ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း နာယက ဆရာတော် အရှင်ဆန္ဒာဓိက၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်နှင့် ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Eleven Media Group
No comments:
Post a Comment