Tuesday, October 8, 2013

ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် တိုင်းရင်းသားနိုင်ငံရေး အကျဉ်းသားအများစု လွတ်ငြိမ်းချမ်းသာခွင့်ရ

နိုင်ငံတော်သမ္မတ၏ ယခုနှစ်မကုန်မီ လွတ်လပ်ခွင့်ပေးမည်ဟုပြောဆိုမှုအရ အောက်တိုဘာ လ(၈)ရက်နေ့က လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသား များ(၅၀)ကျော်၌ပုဒ်မ-၁၇(၁)ကြောင့် လွတ်မြောက်လာသူများသည်ဟု နိုင်ငံရေးအကျဉ်းသားများ အရေးဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရှိရသည်။

လွတ်မြောက်လာသည့်အမှုများ၌  မတရားအသင်း ပုဒ်မ-၁၇(၁)၊ ၁၇(၂) အမှုများကြောင်းနှင့် တိုင်းရင်းသား ဒေသများမှ မတရားအသင်းဖွဲ့ဆိုင်ရာပုဒ်မဖြင့် တရားစွဲခံထားရသူများ လွတ်မြောက်မှုများကြောင်းနှင့် ကချင်နှင့်ရှမ်းတိုင်းရင်းသားအများစုပါဝင်ကြောင်းနှင့် လွတ်မြောက်သူများ၌ တပ်မတော်အရာရှိဟောင်း တစ်ဦး ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ဆိုသည်။

 “ အခုလိုလွတ်ပေးတာ ကောင်းတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ခြေလှမ်းတစ်လှမ်း လှမ်းတယ်လို့ သုံးသပ်တယ်၊ တစ်ရာကျော်ကျန်နေသေးတဲ့အတွက် လွှတ်ပေးတာ နည်းတယ်လို့လည်းမြင်တယ်” ဟု နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုအပေါ် ဦးထွန်းကြည်က မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများမှာ အင်းစိန်ထောင်မှ(၁)ဦး၊ ကလေးထောင်မှ (၄)ဦး၊ ဗန်းမော်ထောင်မှ (၇)ဦး၊ ခန္တီးထောင်(၁)ဦး၊ ကသာထောင်(၁)ဦး၊ ကျိုင်းတုံထောင်(၆)ဦး၊ လားရှိုး ထောင်(၁၅)ဦး၊ မိတ္ထီလာထောင်(၄)ဦး၊ မိုင်းဆက် ထောင်(၂)ဦး၊ မြောင်းမြထောင်(၁)ဦး၊ မြစ်ကြီးနားထောင်(၁)ဦး၊ သီပေါထောင်(၁၁)ဦး၊ တောင်ကြီးထောင်(၁)ဦးနှင့် မော်လမြိုင် ထောင်မှ(၁)ဦးစသည်ဖြင့် စုစုပေါင်း(၅၆)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြောင်း သိရသည်။

“သမ္မတကြီးက ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ပြောထားတာရှိတယ်။ အဲဒီတော့ လက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီကနေ စာရင်းပြုစုပြီးတော့ သမ္မတရုံးကို တင်ပြတယ်။ အဲဒီ နောက်ဆက်တွဲအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စစ်ဆေး အတည်ပြုပြီးတော့ လွှတ်ပေးလိုက်တာ ဖြစ်မယ်။” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင်ရှောက်ရေးအသင်း (AAPP) အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတမှ ၂၀၁၃ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်မှာ ဒုတိယကြိမ်မြောက်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား (၁၆၇)ဦး ကျန်ရှိနေသေးကြောင်း AAPPမှ သိရသည်။  အရပ်သားအစိုးရ လက်ထက်၌ နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာ ခွင်မှာ စုစုပေါင်း(၁၂)ကြိမ်ရှိပြီဖြစ်သည်။

အောက်တိုဘာ (၈)ရက်နေ့မှ (၁၀)ရက်နေ့ထိကျင်းပမည့် KIO နှင့် အစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲသို့ အခြားတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများလည်း တတ်ရောက်နေချိန်တွင် မြန်မာအစိုးရမှ ယခုကဲ့သို့ တိုင်းရင်းသား အများစုပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး ခဲ့ခြင်းဖြစ်သည်။

Myit Ma Kha Media Group

0 comments:

Post a Comment