
ကန်ပေါက်ဒေသရှိ ဇောတိက စီမံကိန်း ပိုက်လိုင်းသွယ်တန်းမှု စခန်းတစ်ခုကို တွေ့ရစဉ်
ဇောတိက ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း (M9 လုပ်ကွက်) တွင် ထားရှိမည့် ထုတ်လုပ်ရေးစင်မြင့် (Zawtika Processing and Living Quarters Platform- ZPQ)ကို စင်ကာပူနိုင်ငံ SMOE သင်္ဘောကျင်းမှ အောက်တိုဘာ ၅ ရက်တွင် စတင်သယ်ဆောင် လာပြီဖြစ်ကြောင်း rigzone.com ၏ သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါ ZPQ ကို မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက် တစ်ခုဖြစ်သော M11 ၏ အရှေ့မြောက်ဘက်တွင်ရှိသည့် M9 လုပ်ကွက်တွင် ထားရှိသွားမည်ဖြစ်ပြီး စတင်သယ်ဆောင်သည့် အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ စင်ကာပူနိုင်ငံဆိုင်ရာ ထိုင်းသံမတ် Marut Jitpatima နှင့် PTTEP ဥက္ကဋ္ဌ Dr. Norkun Sitthiphong တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ZPQ သည် အရှေ့တောင်အာရှ ဒေသတွင် အကြီးဆုံး ပလက်ဖောင်း တစ်ခုဖြစ်ပြီး ၁၆၅၀၀ မက်ထရစ်တန် အလေးချိန်ရှိကာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ ၀န်ထမ်းများ နေထိုင်ရေး ပလက်ဖောင်းများ ပါဝင်သည့် ထုတ်လုပ်မှုစင် တစ်ခုဖြစ်ကြောင်း PTTEP က သတင်းထုတ်ပြန် ထားသည်။ အဆိုပါ ထုတ်လုပ်မှုစင်ကို Sembcorp Marine ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် SMOE သင်္ဘောထုတ်လုပ်ရေးမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၉၀ ဒသမ ၇၁ သန်းဖြင့် ၂၀၁၁ ခုနှစ် ကတည်းက စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။
ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင် ကုဗပေ ၃၄၅ သန်းခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ယခုနှစ်ကုန်ပိုင်းတွင် စတင်တင်ပို့ ရောင်းချနိုင်မည်ဟု ခန့်မှန်းထားသည်။ ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ကုဗပေ သန်း ၂၄၀ ခန့် တင်ပို့ရောင်းချမည်ဖြစ်ပြီး မြန်မာပြည်တွင်း သုံးစွဲရန် ကုဗပေ သန်း ၆၀ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအမျိုးသား သတင်းဗျူရို၏ ဖော်ပြချက်အရ သိရသည်။
ဇောတိက စီမံကိန်းကို ထိုင်းအခြေစိုက် PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက် နေခြင်းဖြစ်ပြီး ရတနာ စီမံကိန်းတွင်လည်း PTT မှ အစုရှယ်ယာအချို့ ပါဝင်ထားသည်။
မြန်မာနိုင်ငံတွင် ဆီဆိုင်များ ဖွင့်လှစ်ရန်နှင့် ရေနံထွက် စက်ဆီချောဆီများ ဈေးကွက်မြှင့်တင်ရန် ကြိုးပမ်းနေသည့် PTT သည် မြန်မာ့ကမ်းလွန် လုပ်ကွက်တစ်ကွက်ဖြစ်သော M11 လုပ်ကွက်တွင် Total E&P၊ JX NOEX တို့နှင့်အတူ ရင်းနှီးမြှုပ်နှံ ထားသည်။ M11 လုပ်ကွက်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို မြန်မာပြည်အတွင်း သုံးစွဲနိုင်ရန် ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment