အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ခံ ရာတွင် လက်ရှိအချိန်အထိ အခြေခံဥပဒေ ပြင်ဆင်လိုသည့် ဆန္ဒမဲကသာ များနေကြောင်း အဆိုပါ ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းမြို့တော် ခရိုင်လေးခုတွင် လူထုဆန္ဒ ကောက်ယူရာ ခရိုင်လေးခု (မြို့နယ် ၃၃ မြို့နယ်) စလုံး အခြေခံဥပဒေကို ပြင်ဆင်ရေးကိုသာ ဆန္ဒပြုခဲ့ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။
“တစ်နိုင်ငံလုံးအတွက် မကောက်ရသေးတော့ တိတိကျကျ ထုတ်ပြန်လို့မရသေးပါဘူး” ဟု ၎င်းကဆိုသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်သို့ သွားရောက် ကောက်ခံရာတွင် ရာနှုန်းပြည့် ပြင်ဆင်ရေး သာ ထောက်ခံကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။
“နိုဝင်ဘာလ ပထမပတ်အတွင်း အပြီးကောက်မှာပါ” ဟု ၎င်းကဆိုသည်။
NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာလ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးကို လူထုဆန္ဒ ကောက်ယူကာ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ နိုဝင်ဘာလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန် ကြေညာထားသည်။
ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၁၀၉ ဦး ပါဝင်သော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်များကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။
The Voice Weekly
No comments:
Post a Comment