Monday, November 11, 2013

ကိုယ်ရွေးချယ်ခဲ့မိတဲ့ ဒီဇိုင်နာလိုင်းကြောင်း မှန်ကန်သွားတယ်လို့ဆိုတဲ့ ဒီဇိုင်နာ မေမြတ်ဝါဆို(Happy Heart)

ယနေ့ခေတ်မှာလူတိုင်းလူတိုင်းဟာဖက်ရှင်ဆိုတာကိုနားလည်လာကြပါပြီ။ ဘယ်လိုလေး ၀တ်လိုက်ရင် အဆင်ပြေမယ်၊ ဘယ်လိုလေး တွဲဖက်လိုက်ရင် လှသွားမယ်ဆိုတဲ့ အမြင်လေးတွေရှိလာသလို ဖက်ရှင်ဒီဇိုင်နာတွေရဲ့ ဖန်တီးမှုတွေကလည်း ပိုမိုဆန်းသစ်လာကြတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ဒါ့ကြောင့် ဒီဇိုင်နာ မေမြတ်ဝါဆို (HappyHeart) နဲ့ ဆုံတွေ့ပြီး သူမရဲ့ ရပ်တည်မှုအကြောင်း၊ ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး သူမရဲ့ အယူအဆတွေ ဘယ်လိုရှိတယ်ဆိုတာ ခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဒီဇိုင်နာလောကထဲကိုခြေချဖြစ်ပုံနဲ့ ပတ်သက်ပြီးပြောပြပေးပါ။
၂၀၀၀ လောက်က ဖောင်ထရီမှာ လက်မနည်းနဲ့ စက်ချုပ်သင်တန်းတက်ခဲ့ပြီးနောက် ကျောင်းမပြီးသေးလို့ကျောင်းပြီးအောင် ဆက်တက်လိုက် သေးတယ်။ ကျောင်းပြီးလို့ ၂၀၀၅မှာ DOZOမှာအခြေခံစင်တီမီတာနည်းကိုတက်ခဲ့တယ်။ အဲဒီ၂၀၀၅နောက် ပိုင်းကစပြီးတော့စင်တီမီတာနည်းနဲ့ပဲချုပ်ဖြစ်တော့တယ်။ ၂၀၀၇ခုနှစ်ကျမှစပြီးကိုယ် ပိုင်ဆိုင်စဖွင့် ဖြစ်ခဲ့တာပါ။
အခုလိုကိုယ်တိုင် ဆိုင်ဖွင့်နိုင်ဖို့ အတွက်ဘာတွေ ရင်းနှီးပေးဆပ်ခဲ့ရတာမျိုးရှိခဲ့သလဲ။
အစ်မတို့ ခေတ်တုန်းက ဒီဇိုင်နာဆိုတာ လုံးဝ ခေတ်မစားသေးတဲ့ အချိန်ဖြစ်နေသေး တယ်။ အဲဒီအချိန်မှာ ကိုယ်ကဒီဇိုင်နာဆိုတာချည်းကို ရွေးချယ်ပြီးလုပ်ခဲ့ချိန်မှာ တော်တော်များများက အားမပေးခဲ့ကြဘူး။ တစ်ခြားအလုပ်ကိုပဲ လုပ်စေချင်ကြတယ်။ ဒါပေမဲ့ကိုယ်ကတစ်ခြားအလုပ်တွေ လုပ်ဖို့စိတ်မကူးခဲ့ပဲ ဒီအလုပ်ကိုပဲရွေးချယ်ခဲ့တော့ အစပိုင်းမှာတော့ တော်တော်ပင်ပန်းခဲ့ပါတယ်။ အခုတော့ အစ်မရွေးချယ်ခဲ့တဲ့ လမ်းကြောင်းကမှန်တယ်လို့ ပြောရတော့မှာပေါ့။
ဒီဇိုင်းနဲ့ ပတ်သက်ပြီးလေ့လာဖြစ် တာတွေရှိရင်လည်းပြောပြပေးပါ။
အရင်တုန်းကတော့ ကတ်သလောက်တွေ ကြည့်ပြီးလေ့လာရတယ်။ အခုချိန်ကျတော့ အင်တာနက်တွေ ပေါ်လာပြီဆိုတော့ အရမ်းလေ့လာရတာအဆင်ပြေပါတယ်။
ဒီဇိုင်နာမေမြတ်ဝါဆို အနေနဲ့အ၀တ်တစ်ထည် ချုပ်တော့မယ်ဆိုရင် ဘယ်အပိုင်းကိုဦးစားပေး ပြီးစဉ်းစား ဖြစ်လဲ။
အဓိကက ပိတ်စအရောင် ရွေးတယ်။ ပြီးမှဒီဇိုင်းပိုင်းကို စဉ်းစားပါတယ်။ ဒီဇိုင်းဘယ်လောက် ကောင်းကောင်း၊ patternဆွဲတဲ့နေရာမှားသွားရင်လည်း ဒီဇိုင်းပုံစံပျက်သွားပြီ။ အထည်တစ်ထည် ကောင်းဖို့ဆိုတာအဆင့်ဆင့် အကုန် အရေးကြီးပါတယ်။

ဒီဇိုင်နာတစ်ယောက် အတွက်ဘယ်လိုအရည်အချင်းတွေ ရှိဖို့လိုသလဲ။
ဒီဇိုင်နာဆိုတာဒီဇိုင်းအရင်ဆွဲရတယ်။ ပြီးမှpatternလုပ်မယ်၊ cutting လုပ်တာအကောင်းဆုံးပါပဲ။
အစ်မအနေနဲ့ ဘယ်အပိုင်းကိုချုပ်ရတာအားအရဆုံးဖြစ်သလဲ။
မြန်မာဝတ်စုံအပိုင်း အားသန်တယ်။ evening gown တွေချုပ်ရတာကိုလည်း အားသန်ပါတယ်။
ဒီနှစ်မှာဘယ်လိုပုံစံမျိုးတွေ ခေတ်စားပြီးဝတ်ဖြစ်နေတယ်ဆိုတာပြောပြပေးပါ။
ခြင်ထောင်ဇာပေါ်မှာ အလှဆင်တာမျိုးတွေ ၀တ်ကြတာများပါတယ်။ ဇာပေါ်မှာ ကျောက်ပြန်ထိုးတာမျိုးတွေ ခေတ်စားတယ်။ ချိတ်နဲ့ဇာနဲ့ကိုကနုတ်ဖောက် ပြီး ၀တ်ကြတယ်။ အနောက်တိုင်းပုံစံဆိုရင် ပတ်တဲ့ပုံစံကိုမှ ခွဲထားတာမျိုးတွေ ၀တ်ကြတယ်။ အသားကပ်ပေါ်မှာဇာတွေပြန်ကပ်တာကို လုပ်ဖြစ်နေတယ်။
Celebrity တွေကိုချုပ်ပေးရတာမျိုးကကော ဘယ်လိုပုံစံတွေချုပ် ပေးရတာများသလဲ။-
လာအပ်သမျှကိုတော့အဆင်ပြေအောင် လုပ်ပေးပါတယ်။ ကားရိုက်အတွက် လုပ်ပေးရတာရှိမယ်။ သီချင်းဆိုဖို့ အတွက်ချုပ်ပေးရတာတို့တော့ရှိပါတယ်။ နိုင်ငံခြားခရီးစဉ်ရှိလို့ဂါဝန်တွေပဲ လုပ်ပေးပါဆိုရင်လည်းလုပ်ပေးရတာမျိုးလည်း ရှိပါတယ်။
၂၀၁၄ မှာဘယ်လိုပုံစံတွေကိုလူကြိုက်များလာ နိုင်တယ်ဆိုတာပြောပြပေးပါ။-
အစ်မအထင် ပြောရရင်တော့ အရောင်ဆက်တာ လေးတွေဝတ်လာကြမယ်ထင် ပါတယ်။
၂၀၁၄မှာ ဘယ်လိုအရောင်တွေ ကြိုက်လာကြမယ်လို့ ထင်ပါသလဲ။-
၂၀၁၃အကုန်နဲ့ ၂၀၁၄အစက သိပ်ပြီးမထူးခြားတော့ ဇာတွေပဲ ၀တ်ဖြစ်ကြအုံးမယ် ထင်ပါတယ်။ ၂၀၁၄ အလယ်ပိုင်းလောက်ကျရင်တော့ မပြောတတ်ဘူးပေါ့ နော်။
ဒီဇိုင်နာတွေ ပေါ်များလာတာနဲ့ ပတ်သက်ပြီးအမြင်လေးပြောပြပေးပါ။-
တကယ်တမ်း ၀ါဿနာပါလို့ လုပ်တာမျိုးပဲ ဖြစ်စေချင်တယ်။ ပေါ်ပင်လိုက်တာမျိုးတော့ သဘောမကျဘူး။ တကယ်တမ်းမှာဒီဇိုင်နာတစ်ယောက်လုပ်ရတာတော်တော် ပင်ပန်းတဲ့အလုပ်ပါ။
ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ အတွက်ဘယ်လိုအရည် အချင်းတွေရှိသင့်တယ် ဆိုတာပြောပြပေးပါ။-
အချိန်တိုတိုလေးအတွင်းမှာသူတို့ဒီဇိုင်နာတော့ဖြစ်သွားပါတယ်။ နောက်ပိုင်းမှာ ကိုယ်က ဒီဇိုင်နာအလုပ်နဲ့ရပ်တည် သွားရမှာဖြစ်လို့ အခြေခိုင်မှ ဖြစ်မယ်လေ။
ဖက်ရှင်နဲ့ပတ်သက်ပြီးပြောပြပေးပါ။-
ဖက်ရှင်ဆိုတာ လူတစ်ယောက် အတွက်မရှိမဖြစ်ပါပဲ။ ဖက်ရှင်ဆိုတာလူတစ်ယောက်မှာ သူ့စတိုင်လ်နဲ့ သူဆိုတာတော့ ရှိသင့်တယ်လို့ မြင်ပါတယ်။ ကိုယ်နဲ့လိုက်ဖက် မှုရှိတာလေး ကိုဝတ်တတ်ဖို့ လိုတယ်လို့ ထင်တယ်။
 
Trend Myanmar

No comments:

Post a Comment