Sunday, April 27, 2014

ပဋိပက္ခများကြောင့် မြန်မာ့အပြောင်းအလဲ အလွန်ဆိုးသည့်ဘက် ဦးတည်သွားနိုင်ကြောင်း အိုဘားမား သတိပေး


မြန်မာနိုင်ငံ၌ ကျေနပ်အားရစရာ ကောင်းသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း လူမျိုး/ဘာသာကွဲ အုပ်စုများအကြား မြင်တွေ့နေရသည့် ပဋိပက္ခများကြောင့် မြန်မာ့အပြောင်းအလဲမှာ အလွန်ဆိုးရွားသည့်ဘက်သို့ ဦးတည်သွားနိုင်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက သတိပေး ပြောကြားလိုက်သည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားနှင့် အာဆီယံနိုင်ငံ အသီးသီးမှ လူငယ်များ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ် လူမှုကွန်ရက်မှတစ်ဆင့် မြန်မာလူငယ်တစ်ဦးက ဘာသာ/လူမျိုး မတူသူများအကြား ခေါင်းဆောင်မှုဆိုင်ရာနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ခုမြင်တွေ့နေရတဲ့ မြန်မာပြည်က ဘာသာ၊ လူမျိုးမတူ အုပ်စုတွေ အကြားက ပဋိပက္ခတွေဟာ မြန်မာ့အပြောင်းအလဲကို အလွန်ဆိုးရွားတဲ့ လားရာဆီကို ဦးတည်သွားနိုင်တယ်” ဟု သမ္မတအိုဘားမားက ပြောဆိုသည်။

ထို့အတူ နိုင်ငံအတွင်းရှိ မူဆလင်များအပေါ် ဖိနှိပ်ကန့်သတ်မှုများ ရှိနေမည်ဆိုပါက မြန်မာ့အပြောင်းအလဲ အောင်မြင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း သတိပေးသည်။

သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များမှာ အမေရိကန်ပြည်ထောင်စု၊ မလေးရှားနိုင်ငံတို့ အပါအဝင် ကမ္ဘာပေါ်၌ ဖြစ်လေ့ဖြစ်ထ ရှိသော ပြဿနာများ ဖြစ်ပြီး လူများစုက လူနည်းစုအပေါ် အထင်အမြင်သေးခြင်း၊ အခွင့်အရေးများကို တားမြစ်ပိတ်ပင်ခြင်းများ သမိုင်းတွင်သာမက လက်ရှိ အချိန်၌ပါ မြင်တွေ့နိုင်သေးကြောင်း သမ္မတအိုဘားမားက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ အစပြုသည့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများနှင့် ဗမာနှင့် အခြားတိုင်းရင်းသား လူမျိုးစုများအကြား အုပ်ချုပ်မှုစနစ် အလွဲများကြောင့် တင်းမာမှုများ ရှိခဲ့သဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နောက်ပြန်သွားနိုင်ကြောင်း နိုင်ငံရေး ခေါင်းဆောင်များက သတိပေးထားသည်။ 

နိုင်ငံတစ်ဝန်း အမုန်းစကား ဟောပြော ပြောဆိုမှုများ ပြုလုပ်နေသော်လည်း အစိုးရက လျစ်လျူရှုထားသည့် အပေါ် ဝေဖန်ခံနေရပြီး လူငယ်များ ဦးဆောင်ကာ အမုန်းစကားရပ်ရေး လှုပ်ရှားမှုများ နိုင်ငံတဝန်း စတင် လုပ်ဆောင်လျက် ရှိသည်။ 

မြန်မာ့အပြောင်းအလဲမှာ အရေးကြီးသော အနေအထားသို့ ရောက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ပြောဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment