မြန်မာနိုင်ငံ၏ လက်ရှိအခြေခံဥပဒေတွင် အပြစ်အနာအဆာ များစွာရှိသည်ကို သံသယရှိစရာ မလိုပါ။ အခြေခံဥပဒေတွင် တပ်မတော်အား အာဏာ အလွန်အကျွံပေးထားခြင်းနှင့် အခြေခံဥပဒေပြင်ဆင်ရေး တွင် ခက်ခဲအောင် လုပ်ထားခြင်းသည် အမြင်သာဆုံးပြဿနာ နှစ်ခုမျှသာဖြစ်ပါသေးသည်။ ထိုပုဒ်မများကို ပြင်ဆင်ခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်း လုပ်နိုင်ပါသည်။ သို့သော်လည်း တကယ်တမ်းတွင် ပြဿနာမှာ များစွာပိုမိုရှုပ်ထွေးနက်ရှိုင်းပါသည်။ ၂၀၀၈ အခြေခံဥပဒေသည် မြန်မာနိုင်ငံအား ယခင်စစ်အာဏာရှင်စနစ် မှ အသွင်ကူးပြောင်းရေး၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံကို တပ်မတော်၏ တိုက်ရိုက်ထိန်းချုပ်မှုလျော့ ချရန် ကြိုးစားထားသည့် ရလာဒ်တစ်ခုဖြစ်သည်။ အားနည်းချက်များရှိသော ထိုအခြေခံဥပဒေနှင့်ပင် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးပွင့်လင်းမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လူထုစုဝေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ကို ထောက်ခံသူများက အခြေခံဥပဒေပြင်ဆင်ရေး တွင် ၇၅ % ကျော်၏ ထောက်ခံမှုအစား ကိုယ်စားလှယ် ၅၀ % ကျော်၏ ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်ရန် တောင်းဆိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၂ နှစ် ကျော် ဆွဲဆောင်စည်းရုံးခဲ့ပြီးနောက် အဓိက နိုင်ငံရေးပလေယာများဖြစ်သည့် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် လေးပွင့်ဆိုင် တရားဝင်တွေ့ဆုံရန် သူမ၏ တောင်းဆိုမှုကို တပ်မတော်က တုန့်ပြန်မှုမရှိခဲ့သည့်အတွက် နောက်ဆုံးတွင် တပ်မတော်အပေါ် သည်းခံ နိုင်မှု ကုန်ဆုံးသွားခဲ့သည်။ လူထုစည်းဝေးပွဲတွင် ထောင်ချီသော ထောက်ခံသူများကို ပြောကြားရာတွင် "ကျွန်မ တပ်မတော်ကို စိန်ခေါ်တယ်" ၊ "တပ်မတော်သားဆိုတာ အမှန်တရားကို လက်ခံနိုင် လောက် အောင် သတ္တိရှိရမှာပေါ့" ၊ " တပ်မတော်ကို ဗမာ့လွတ်မြောက်ရေးတပ်မတော်အဖြစ် ထူထောင်ခဲ့ တာ၊ ဗမာ့ဖိနှိပ်ရေး တပ်မတော်အဖြစ် ထူထောင်ခဲ့တာမဟုတ်ဖူး" အစရှိသည်ဖြင့် တပ်မတော်ကို အမည် တပ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သည်။
ဒေါ်စုကြည်၏ စကားများသည် လူထုက လက်ခုပ်လက်ဝါးတီးပြီး ထောက်ခံကြသည်။ သို့သော် နိုင်ငံရေး သြဇာပြသည့် ထိုပွဲများသည် ၄င်းလိုချင်သည့် ပန်းတိုင်သို့ ရောက်ပါမည်လောဟု မေးစရာ ရှိပါသည်။ တိုတိုပြောရလျှင် "လုံးဝမရောက်နိုင်ပါ"။ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုသည် ဒေါ်စု ကြည်နှင့် NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လူထုထောက်ခံမှုကျယ်ကျယ်ပြန့်ပြန့် ရရှိရေး ကြိုးစားမှုအဖြစ် သာ အဆုံးသတ်သွားပါလိမ့်မည်။ ထိုရလာဒ်ထွက်လာမည်ဟု ခန့်မှန်းရသည့်အကြောင်းရင်း သုံးခု ရှိပါသည်။
ပထမဆုံး အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ပိုမိုကျယ်ပြန့်သည့် အစီအစဉ်မှာ ဘာလဲ၊ အခြေခံဥပဒေ ပြင်ဆင်ရန် သူ၏ တောင်းဆိုမှုကို တပ်က လက်မခံခဲ့လျှင် ဘာလုပ်မည်နည်း၊ လမ်းပေါ် ဆန္ဒပြပွဲများ ဆင်နွှဲမည်လော။ ယနေ့အထိ သူ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များအရ သုံးသပ်ရလျှင် သူ့တွင် ထိုမျှ အထိ စီမံချက်မရှိပါ။ သူက အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်ရန် စီစဉ် ထားသည်ဟု ဆိုသည်။ အခြေခံဥပဒေမပြင်နိုင်လျှင် ၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်မည် လော။ ၄င်းမှာလည်း ဖြစ်နိုင်ဖွယ်မရှိပါ။ ၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်ပါက ဒေါ်စုကြည်နှင့် သူ့ကို ထောက်ခံသူများသည် အပယ်ခံနိုင်ငံရေးသမားဘဝသို့ ပြန်ရောက်သွားမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် ဘာဆက်လုပ်စရာ ရှိသေးသနည်း။ ၂၀၀၈ အခြေခံဥပဒေသည် ပုံမှန် ပါလီမန်ရွေး ကောက်ပွဲ များ ကျင်းပပေးခြင်းနှင့် ရွေးကောက်ခံကိုယ်စားလှယ်များအား တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည့် အခွင့်အာဏာမှအပ ပြည်သူလူထုကို အခွင့်အာဏာပေးထားခြင်းမရှိပါ။ (တာဝန်မှ ပြန်လည် ရုပ်သိမ်း သည့် ဥပဒေသည်ပင် ဆိုင်းငံ့ထားဆဲဖြစ်သည်)။ ဒေါ်စုကြည်အနေဖြင့် တပ်မတော်၏ သတ်မှတ်ချက် အတိုင်း အခြေခံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်ရန်ကြိုးစားနေသမျှကာလပတ်လုံး သူမ၏ လမ်းပေါ်မှ အင်အားများကို လွှတ်တော်အတွင်း အမှန်တကယ်ပြင်ဆင်ရေးအတွက် ပြောင်းလဲနိုင်ဖွယ်မရှိပါ။
ထိုအချိန်တွင် တပ်မတော်နှင့် ၄င်းကကျောထောက်နောက်ခံပေးထားသော ကြံ့ခိုင်ရေးပါတီတို့မှာ အတိုက်အခံများ၏ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပါးရေနပ်ရေရှိလာပြီဖြစ်သည်။
၎င်းတို့၏ အပြိုင်ရွေးစ ရာချပေးသည့် မဟာဗျူဟာနှင့်အညီ အုပ်ချုပ်သူ အီလစ်များသည် ဘာမဆို တုံးတိတိငြင်းပယ် လိုက်ခြင်းမျိုး မလုပ်ပါ။ ၄င်းတို့က အတိုက်အခံ၏ တောင်းဆိုချက်များကို တစ်စိတ်တစ်ပိုင်း လိုက်လျောပေးပြီး အပြည့်အဝထိပ်တိုက်ရင်ဆိုင်မှု မဖြစ်စေသည့်နည်းဖြင့် တုန့်ပြန်သည်။ လွှတ်တော် အခြေခံဥပဒေ လေ့လာ သုံးသပ်ရေးပူးတွဲကော်မတီက မေလ ၂၁ ရက်တွင် ကြေညာချက်ထုတ်ရာတွင် ၄င်းတို့ကော်မတီအဖွဲ့ဝင် များသည် ပုဒ် ၄၃၆ ကို ပြင်ဆင်ရန် သဘောတူပြီး လွှတ်တော် အဆုံးအဖြတ်ခံယူရန် အဆိုတင်သွင်း မည်ဟု ဆိုသည်။ ကြံ့ခိုင်ရေးပါတီမှ အများစုပါဝင်သော ပူးတွဲကော်မတီက အဆိုနှင့်ပတ်သက်၍ အသေး စိတ်ဖော်ပြခြင်းမရှိသော်လည်း အတိုက်အခံNLD ပါတီက ပြင်ဆင်လိုသည့်အတိုင်း ဖြစ်မည်မဟုတ်သည် မှာ သေချာသလောက်ဖြစ်သည်။ ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်ချက်မှန်သမျှကို လက်ရှိ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်းပါအတိုင်း ဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မကြာသေးမီကပင် အတိအလင်းပြောကြားခဲ့သည်။ တိုတိုပြောရလျှင် တပ်မတော်က အခြေခံဥပဒေ ပြင် ဆင် ရေးအတွက် လိုက်လျောရန် သဘောတူညီလျှင်ပင် အတိုက်အခံ NLD ပါတီအနေဖြင့် လွှတ်တော် လမ်းကြောင်းမှ ပြင်ဆင်ရန် မဖြစ်နိုင်သလောက်နီးပါးဖြစ်သည်။
ဒေါ်စုကြည်အနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်ချက်များကို လမ်းပေါ်ဆန္ဒပြပွဲများအဖြစ် ဆောင်ရွက်ခြင်း၊ သို့မဟုတ် ၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းများ ဆောင်ရွက်ဖွယ်မရှိသည့် အတွက် အခြေခံဥပဒေပြင်ဆင်ရေး အတွက် လက်ရှိလှုပ်ရှားမှုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် သူ့ ပါတီ ထောက်ခံမဲ ရရှိရေးကို အထောက်အကူဖြစ်ရေးသာ ဖြစ်ပါလိမ့်မည်။ ထိုသို့ ဆိုလျှင်ပင် အန္တရာယ်အတန် အသင့်ရှိပါသည်။ အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုသည် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများကဲ့သို့ အစိုးရ လိုလားသူများနှင့် ပဋိပက္ခများဖြစ်စေနိုင်ပါသည်။ အမျိုးသားရေးဝါဒီများက ပုဒ်မ ၅၉(စ) ကို ထောက်ခံ ကြောင်း ကြေညာထားသည်။ ပိုအရေးကြီးသည်မှာ အခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်သားများ ပါဝင်လက်မှတ်ရေးထိုးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုသည် တပ်မတော်ကို သွေးခွဲရန် ပရိယာယ်အဖြစ် တပ်မတော်ခေါင်းဆောင် များက မြင်သွားမည့်အရေးဖြစ်သည်။ ထိုသို့ မြင်ပါက တပ်မ တော်အရာရှိများ က ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် သံသယကို ဆက်လက်မီးထိုးပေးမည်ဖြစ်သည်။
ဒုတိယအချက်မှာ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှု၏ ယုံကြည်စိတ်ချရမှု ဖြစ်သည်။ မြန်မာနိုင်ငံ၏ အမျိုးစုံလှသော တိုင်းရင်းသားလူမျိုးစုများနှင့် ဆက်လက်ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ကြောင့် မြန်မာ့ နိုင်ငံရေး ပဋိပက္ခများတွင် တိုင်းရင်းသားလူနည်းစုများသည် အရေးအကြီးဆုံး ဇာတ်ဆောင်များဖြစ်သည်။ သို့ရာတွင် (ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူ့မိန့်ခွန်းများတွင် ဖက်ဒရယ်ရေးကို ပါးစပ်ပြော ရှိသော် လည်း) ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး လူထုစုဝေး ပွဲများတွင် တိုင်းရင်း သားကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိသည်မှာ သိသာပါသည်။ (လွှတ်တော်တွင်း၊ လွှတ်တော်ပ) တိုင်းရင်းသားများ မပါပဲနှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် လုံလောက်သည့် ထောက်ခံ မှုရရှိရန် မဖြစ်နိုင်သည့်အတွက် ၄င်းမှာ ထူးဆန်းအံ့သြဖွယ်ဖြစ်သည်။ လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများတွင် တိုင်းရင်းသားများကို ပထုတ်ထားခြင်းသည် NLD ၏ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်စည်းရုံးခြင်းသာဖြစ်သည်ဟူသော သုံးသပ်ချက်ကို အားဖြည့်ပေးနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတွင် တိုင်းရင်း သားများကို ဖိတ်ခေါ်မည့်အစား သူမ၏ တရားမဝင်အောက်ဆွဲများဖြစ်သော ၈၈ မျိုးဆက်အဖွဲ့ကိုသာ ခေါ်ခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်အများစုသည် သမ္မတဖြစ်ရေးရည်မှန်းထားကြသူများ မဟုတ်၍ ၄င်း တို့အနေဖြင့် အနည်းဆုံး ၂၀၁၅ ရွေးကောက်ပွဲအထိ ဒေါ်အောင်ဆန်းစုကြည်၏ ပြိုင်ဖက်များဖြစ်လာရန် အစီအစဉ်မရှိကြောင်း လေ့လာသူများသဘောတူကြပါသည်။
နောက်ဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကို ရေကုန် ရေခမ်း ဆောင်ရွက်မည်ဆိုလျှင်ပင် လက်ရှိနိုင်ငံရေး အနေအထားက သူ့ကို မျက်နှာသာပေးမည်ပုံ မရှိပါ။ လက်ရှိအစိုးရ၏ ဖြေလျော့ရေးဖြစ်စဉ်သည် အားလုံးပါဝင်ခွင့်ရသည့်ပုံပေါ်နေသော်လည်း တကယ့် လက်တွေ့ကမူ များစွာခြားနားပါသည်။ အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည်အား အချို့နေရာများတွင် တရားဝင်ပြောရေးဆိုခွင့်ရှိသူအဖြစ် လက်ခံသော်လည်း ပေါ်လစီပိုင်းနှင့်ပတ်သက်၍ သူ့ကို အမှန်တကယ် လုပ်ပိုင်ခွင့်ပေးရန် ငြင်းဆန်ဆဲဖြစ်သည်။ ထိုအခြေအနေကို ပြောင်းလဲရန် လက်ရှိအချိန်တွင် သူ့အနေဖြင့် မတတ်နိုင်သလောက်ဖြစ်သည်။ သူ့အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် ၄င်း၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲရေး အတွက် စိတ်ကောင်းစေတနာကို ယုံကြည်ကြောင်း ၂၀၁၂ ခုနှစ်အတွင်း လူသိရှင်ကြား ကြေညာမှု သည် အစိုးရသစ်အတွက် များစွာလိုအပ်နေသော ပြည်တွင်းနှင့် နိုင်ငံတကာတရားဝင်မှုကို အာမခံပေးခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုသို့ပြောခဲ့မိသည့်အတွက် နောင်တရကောင်း ရနေမည်ဖြစ် သော်လည်း ပြောပြီးသားသည် ပြောပြီးသားပင်ဖြစ်သည်။ ယခုအချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်သာ အခြေခံဥပဒေပြင်ဆင်ရေးပြဿနာအတွက် အပြည့်အဝထိပ်တိုက်ရင်ဆိုင်ရေးကိုသာ ဆောင်ရွက်မည်ဆိုပါ က မူဆလင်ဆန့်ကျင်ရေး အမျိုးသားရေးလှုပ်ရှားမှုဖြင့် တန်ပြန်ခံရဖွယ်ရှိသည်။

အာရပ်နွေဦး ကတိကဝတ်များ မှိန်ဖျော့သွားပြီဖြစ်သည်။ တူရကီ၏ တစ်ချိန်က ဒီမိုကရေစီကတိကဝတ် များသည်လည်း ကသောင်းကနင်းဖြစ်ရပ်များနှင့် အာဏာပိုင်ဝါဒများ မြင့်တက်လာခြင်းတို့ကြားတွင် ပျက်စီးခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် ထိုင်းနိုင်ငံသည်လည်း စစ်တပ်က တစ်ဖန်ပြန် အုပ်ချုပ်နေပြီ ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် နို်င်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မှန်းဆမရသော ဒေါ်အောင်ဆန်းစု ကြည်နောက်တွင် အပြည့်အဝရပ်တည်ပေးဖွယ် မရှိပါ။ များသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဖက်မှ ရှိခဲ့ကြသည့် အနောက်နိုင်ငံ များသည် မြန်မာနိုင်ငံအား ၄င်းတို့၏ ဒီမိုကရေစီဇာတ်သွင်းခြင်းတွင် အောင်မြင်သောဇာတ်လမ်းတစ်ခုအဖြစ်သာမက ၄င်းတို့၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားအတွက်ပါ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်ကြောင်း ထောက်ခံနေကြသည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု စစ်တက္ကသိုလ်တွင် မကြာသေးမီကပင် သမ္မတအိုဘားမားက အောက်ပါအတိုင်း ပြောကြားခဲ့သည်-
“တချိန်က တံခါးပိတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာ တံခါးဖွင့်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ တွေ့လာရပါတယ်။ မြန်မာခေါင်းဆောင်တွေဟာ အမေရိကန်နဲ့ ကျနော်တို့ မဟာမိတ်နိုင်ငံတွေနဲ့ ထိစပ် ဆက်ဆံနို်င်ဖို့ မြောက်ကိုရီးယားနိုင်ငံနဲ့ မိတ်ဖက်အဖြစ်ကနေ ခြေလှမ်းခွာလာပါတယ်၊ မြန်မာပြည် အပြောင်းအလဲ အောင်မြင်သွားမယ်ဆိုရင် အမေရိကန်အနေနဲ့ သေနတ်တချက်မဖောက်ဘဲနဲ့ မဟာမိတ် နိုင်ငံသစ် ရရှိလိုက်တာ ဖြစ်ပါလိမ့်မယ်”
ရည်မှန်းချက် တိကျခိုင်မာမှုမရှိခြင်း၊ စိတ်ချယုံကြည်ရမှုပိုင်းအားနည်းခြင်း၊ ပြည်တွင်းနှင့် နိုင်ငံ တကာ အခြေအနေပြောင်းလဲခြင်းများကြောင့် အတိုက်အခံများ၏ အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုသည် ၄င်းတို့ကြေညာထားသော ရည်မှန်းချက်များကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် ပြည့်ဝအောင် ဆောင်ရွက် နိုင်ဖွယ်မရှိပါ။ သို့ရာတွင် အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုခေါင်းဆောင်များတွင် ယခု လှုပ်ရှားမှု၏ အောင်မြင်မှုနှင့်ပတ်သက်၍ အလွန်ကွဲပြားခြားနားသော အမြင်လည်း ရှိကောင်း ရှိနိုင်ပါသည်။
REF: http://www.foreignpolicy.com/ "The Lady Rallies the Masses Once Again" BY Min Zin
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:
Post a Comment