Wednesday, June 11, 2014

ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကြံ့ခိုင်မှု ပြည့်ဝ နေပြီဟု ဒီယေဂို ကော်စတာ ပြောကြား



ဘရာဇီး၊ ဇွန် ၁၁။ စပိန်အသင်း တိုက်စစ်မှူး ဒီယေဂို ကော်စတာက ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အတွက် ကြံ့ခိုင်မှု ပြည့်ဝ နေပြီဟု ထုတ်ဖော် ပြောကြား လိုက်သည်။ နယ်သာလန် အသင်းနှင့် ယှဉ်ပြိုင် ရမည့် အဖွင့်ပွဲစဉ် အတွက် အဆင်သင့် ဖြစ်နေပြီ ဟုလည်း ၎င်းက ဆိုခဲ့သည်။ဒီယေဂို ကော်စတာသည် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး အက်သလက် တီကို အသင်း၏ ရာသီ နောက်ဆုံးပိတ် ပွဲစဉ်များကို လွဲချော်ခဲ့ ရသည်။ ရီးယဲလ်နှင့် ကစားခဲ့သော ချန်ပီယံလိဂ် ဗိုလ်လု ပွဲစဉ်တွင် ကော်စတာသည် ကိုးမိနစ်သာ ကစား နိုင်ခဲ့ပြီး ကွင်းအတွင်းမှ ထွက်ခွာ ခဲ့ရသည်။

ထိုဒဏ်ရာ ကြောင့် ၁၅ ရက်ခန့် အနားယူ ရမည်ဟု ပြောကြား ခဲ့သော်လည်း ယခု အချိန်တွင် ကြံ့ခိုင်မှု ပြည့်ဝ နေပြီဟု ကော်စတာက ဆိုခဲ့ခြင်း ဖြစ်သည်။

ကော်စတာက “ကျွန်တော့်ရဲ့ အခြေအနေက အရမ်းကောင်း နေပါပြီ။ အခု အခြေ အနေက ကျွန်တော် ခံစားခဲ့ရတဲ့ အချိန် တွေမှာ အကောင်းဆုံး ပါပဲ။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အတွက် ဘာပြဿနာမှ မရှိတော့ ပါဘူး။ ဒီဒဏ်ရာ အတွက် အမြဲတမ်း စိုးရိမ် ပူပန်ခဲ့ ရပေမယ့် အားလုံးက ကျွန်တော့်ကို အားပေး ဂရုစိုက်ပြီး ပြုစု ကုသပေး ခဲ့ကြ ပါတယ်။ အခုလို အခြေအနေ အတွက် ကျေနပ် ပျော်ရွှင် မိပါတယ်။ အဲ့ဒီအတွက် ကျွန်တော် ပြောနိုင် တာကတော့ တစ်ခုပဲ ရှိပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်” ဟု ဆိုခဲ့သည်။

ဘရာဇီး နိုင်ငံတွင် မွေးဖွား ခဲ့သည့် ကော်စတာသည် အမိနိုင်ငံ ဘရာဇီးကို ငြင်းပယ် ခဲ့ပြီး စပိန်နိုင်ငံ ကိုယ်စားပြု ကစားရန် ရွေးချယ်ခဲ့သူ ဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းအနေဖြင့် ရှက်စရာ ဖြစ်သည်ဟု မခံစား ရကြောင်း ကော်စတာက ဆိုခဲ့သည်။

“ကျွန်တော့်ရဲ့ မိဘတွေဟာ ကျွန်တော့်နဲ့ အမြဲတမ်း နီးနီးကပ်ကပ် ရှိခဲ့ကြပြီး ပျော်ပျော် ရွှင်ရွှင် နေထိုင် နိုင်ခဲ့ပါတယ်။ ဘာကြောင့် စပိန် နိုင်ငံကို ရွေးချယ်ခဲ့ သလဲဆိုတာ သူတို့ သိပါတယ်။ ဒီအတွက် သူတို့ဟာ ကျွန်တော့်ကို အမြဲတမ်း ထောက်ခံ အားပေး ခဲ့ကြ ပါတယ်။ ဒါကို ရှက်စရာ လို့လည်း သူတို့ မခံယူ ပါဘူး” ဟု ဆိုခဲ့သည်။

စပိန် အသင်းသည် လာမည့် သောကြာ နေ့ညတွင် နယ်သာလန် အသင်းနှင့် အုပ်စု အဖွင့်ပွဲစဉ် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

Ref: goal
Mizzima Sport News

0 comments:

Post a Comment