Tuesday, June 17, 2014

MH370 လေယာဉ် အမှန်တကယ် ပျက်ကျသည့်နေရာကို မရှာဖွေရသေးဟု ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီ ယုံကြည်


Photo - Gerg Wood/AFP

MH370 လေယာဉ် ပျက်ကျသွားသည့် အဖြစ်နိုင်ဆုံး နေရာတစ်ခုတွင် ရှာဖွေမှု လုပ်ငန်းများ မဆောင်ရွက်ရသေးကြောင်း ဗြိတိသျှ ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီကြီး Inmarsatက ပြောကြားခဲ့သည်။

BBC နှင့် အင်တာဗျူး အစီအစဉ်တွင် Inmarsat၏ သိပ္ပံပညာရှင်များက ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းပိုင် ခရီးသည်တင်လေယာဉ် အမှန်တကယ် ပျက်ကျသွားသည့် နေရာကို ရှာဖွေမှုများ မပြုလုပ်ရသေးဟု ယုံကြည်နေသည်။MH370 လေယာဉ်သည် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် လိုက်ပါသွားသူ ၂၃၉ ဦးနှင့်အတူ အကြောင်းရင်း တိတိကျကျ မသိရဘဲ ပျောက်ဆုံးသွားခဲ့သည်။

လေယာဉ်ပျံသန်းနေစဉ် ထုတ်လွှင့်နေသည့် လမ်းကြောင်းပြ မှတ်တမ်းတင် အချက်ပြလှိုင်းများကို Inmarsat၏ ဂြိုဟ်တုက ဖမ်းယူရရှိခဲ့ပြီး ယင်းနှင့်ပတ်သက်၍ လေယာဉ်၏ ပျံသန်းမှု လမ်းကြောင်းနှင့် နောက်ဆုံး ပျက်ကျသွားသည့် ဖြစ်နိုင်ခြေ နေရာတို့ကို ကုမ္ပဏီ ထိပ်တန်း သိပ္ပံပညာရှင်များက တွက်ချက် ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။

လေယာဉ်သည် မူလလမ်းကြောင်းမှ သွေဖည်ပျံသန်းပြီး ဩစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၏ အနောက်မြောက်ဘက်ရှိ အိန္ဒိယ သမုဒ္ဒရာ ရေပြင်တွင် ပျက်ကျခဲ့သည်ဟု ယူဆရသည့်နောက် ပင်လယ်ကြမ်းပြင်တွင် နှစ်လကျော်ကြာ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း လေယာဉ်နှင့် ပတ်သက်သည့် အစအန တစ်စုံတစ်ရာမျှ ရှာမတွေ့ခဲ့ချေ။

“လက်ရှိရှာဖွေမှုတွေက လက်တွေ့မကျတဲ့ နေရာတွေမှာ လုပ်ဆောင်နေတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အဖြစ်နိုင်ဆုံး ဧရိယာကနေ တော်တော်လေး အရှေ့မြောက်ဘက်ကို ရောက်နေတယ်”ဟု ကုမ္ပဏီမှ သုတေသီတစ်ဦးဖြစ်သော ခရစ်အက်ရှ်တန်က ပြောကြားသည်။

ကုမ္ပဏီမှ သုတေသီများသည် နာရီအလိုက် ဖမ်းယူရရှိခဲ့သည့် အချက်ပြလှိုင်းများကို ချိန်ကိုက်တွက်ချက်ကာ လေယာဉ်၏ အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းနေသော မြန်နှုန်း၊ ဦးတည်ရာ အရပ်ဒေသတို့ကို ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

“ကြိမ်နှုန်းတွေနဲ့ အချိန်ကိုက် ဖြစ်နိုင်ခြေတွေကို တိုင်းတာပြီးမှ လေယာဉ်နောက်ဆုံး ပျက်ကျသွားတဲ့ နယ်နိမိတ် စက်ဝန်းတစ်ခုကို ရေးဆွဲခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ လေယာဉ် တကယ်တမ်း ပျက်ကျသွားတဲ့ နေရာကို ရှာဖွေမှုတွေ မလုပ်ရသေးဘူးလို့ ယူဆထားပါတယ်”ဟုလည်း အက်ရှ်တန်က ဆိုသည်။

မလေးရှား လေကြောင်းနှင့် Inmarsatတို့သည် ဆက်တိုက် ဝေဖန်မှုများ ကြုံနေရသည့်နောက် လေယာဉ်ပျံသန်းမှု လမ်းကြောင်းပြ အချက်အလက်များကို မေလအတွင်း ထုတ်ပြန်ပေးခဲ့သည်။ သို့သော်လည်း လေယာဉ်ပျက်ကျပြီး လနှင့်ချီ အချိန်ကြာမြင့်ပြီးမှ ထုတ်ပြန်ပေးသော သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး သံသယဖြင့် မေးခွန်းထုတ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။

_Ref; Channelnewsasia
7Day Daily

No comments:

Post a Comment