Thursday, July 10, 2014

လီဗာပူးတိုက်စစ်မှူးဆွာရက်ဇ်ကို ခေါ်ယူရန် ဘာစီလိုနာ သဘောတူညီမှုရရှိ



ဘာစီလိုနာ အသင်းသည် လီဗာပူးလ် အသင်း၏ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

Goal.com သတင်းဌာနက ဥရုဂွေး လက်ရွေးစင်ကို စတာလင်ပေါင် သန်း(၇၀)ဝန်းကျင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် စပိန်ထိပ်တန်း ကလပ်က ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ လီဗာပူးလ်နှင့် ဘာစီလိုနာတို့သည် အဆိုပါ အပြောင်းအရွှေ့ကို မကြာမီ တရားဝင် သတင်းထုတ်ပြန် ကြေညာဖွယ် ရှိနေကြောင်းလည်း Goal.comက ဆိုသည်။ဆွာရက်ဇ်သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အီတလီ နောက်ခံလူ ဂျော်ဂျီယို ချီလီယေနီ၏ ပခုံးကို ကိုက်ခဲ့ခြင်းအတွက် ဘောလုံးပွဲများနှင့် (၄)လကြာ ကင်းကွာနေရန် FIFA၏ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသူလည်း ဖြစ်သည်။ လီဗာပူးလ်သည် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလကမှ ဆွာရက်ဇ်ကို သက်တမ်းတိုး စာချုပ်ထားခြင်း ဖြစ်သော်လည်း ဘာစီလိုနာ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်ခြင်းဟု သိရသည်။

_GOAL

Goal.comက အသက်(၂၇)နှစ်အရွယ် ကစားသမား၏ အပြောင်းအရွှေ့ကိစ္စ အဝဝကို ညှိနှိုင်းပြီးပြတ်ခဲ့ပြီးနောက် လာမည့်(၂၄)နာရီအတွင်း ဘာစီလိုနာက ၎င်းတို့၏ ကစားသမားသစ်ကို ကြေညာမည်ဟုလည်း ဖော်ပြခဲ့သည်။ လီဗာပူးလ်သည် ဆွာရက်ဇ်ကို ရောင်းထုတ်ပြီးနောက် ဘင်ဖီကာမှ တောင်ပံကစားသမား လာဇာမာကိုဗစ်နှင့် လိုင်လီတိုက်စစ်မှူး ဒီဗော့ခ်အိုရီဂီတို့ကို အားဖြည့်ဝယ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

7Day Daily

No comments:

Post a Comment