ဦးအောင်ဇင်ရဲ့အဆိုဟာ ပီအာရ်စနစ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ၊ ပြည်သူတွေ၊ သတင်းမီဒီယာတွေရဲ့ ဝေဖန်မှု ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီးမှ တင်တာဖြစ်တဲ့အတွက် လွှတ်တော်တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး နဂိုရည်ရွယ်ထားတာတွေကို အများကြီး ပြင်ဆင်လိုက်ပုံရပါတယ်။ ခုဆို အမျိုးသားလွှတ်တော်မှာ ကျင့်သုံးဖို့ မသင့်ဘူးလို့ ဆိုလာပြန်ပါတယ်။ ဒါဆိုရင် အမျိုးသားလွှတ်တော်ဘက်မှာ အက်န်ဒီအက်ဖ် အမတ် ဒေါ်ခင်ဝိုင်းကြည် တင်ထားတဲ့အဆိုကရော အင်န်ဒီအက်ဖ်ပါတီရဲ့ အာဘော်ပဲ မဟုတ်ဘူးလား။ အခု နောက်ထပ် ပါတီဝင်လွှတ်တော်အမတ်တစ်ယောက်က အရင် အဆိုတင်သွားခဲ့သူနဲ့ ဆန့်ကျင်တာမျိုး ဘာကြောင့် ပြောဆိုရတာလဲလို့ မေးစရာရှိလာပါတယ်။ ဖြစ်နိုင်တာကတော့ အင်န်ဒီအက်ဖ်ပါတီဟာ ဗလောင်းဗလဲနိုင်တဲ့ ပါတီ၊ ဒါမှမဟုတ် ပြည်ခိုင်ဖြိုးအတွက် တင်ပေးရတာဖြစ်လေတော့ အခြေအနေအချိန်အခါအလိုက် ညှိနှိုင်းပြီး သင့်သလိုပြောင်းလဲ တင်ပြရတာ စသဖြင့် တစ်ခုခု ဖြစ်နိုင်ပါတယ်။
အခု ဒီအဆိုတင်မယ်ဆိုတာ သိတဲ့အတွက် တိုင်းရင်းသားကိုယ်စားလှယ်တွေ လွှတ်တော်မတက်ဘဲ သပိတ်မှောက် ဆန္ဒပြကြပါတယ်။ ဦးအောင်ဇင်က သူတင်တာ ပြည်နယ်တွေအတွက် မဟုတ်ပါဘူး၊ တိုင်းဒေသကြီးတွေအတွက်ပဲ ဆိုတာကြောင့် တိုင်းရင်းသားတွေ သပိတ်မှောက်တာ သူနားမလည်နိုင်ဘူးလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုဆိုရင် ပီအာရ်စနစ် ကျင့်သုံးရေးကိစ္စ နည်းနည်းရှုပ်ထွေးလာပါပြီ။ တိုင်းရင်းသားတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေကြောင့် ပြည်နယ်တွေမှာ ဒီစနစ်ကျင့်သုံးဖို့ မဖြစ်နိုင်ဘူးဆိုတာ သူရဦးရွှေမန်းနဲ့ လွှတ်တော်တာဝန်ရှိသူတွေ၊ တစ်နည်းအားဖြင့် ပြည်ခိုင်ဖြိုးတာဝန်ရှိသူတွေ သိရှိသွားပြီးနောက် ခုလို ပြောင်းလဲ ပြောဆိုလာတာ ဖြစ်နိုင်ပါတယ်။
နောက်တစ်ခု ဆွေးနွေးဖို့လိုတာက ဦးအောင်ဇင်ရဲ့ ပြောဆိုချက်ပါ။ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေရှင်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က တိုင်းရင်းသားတွေ လွှတ်တော်မတက်ဘဲ ဆန္ဒပြခဲ့ပြီ၊ ဒါကို လွှတ်တော်နှစ်ရပ်က ခေါင်းဆောင်တွေ ဆက်စဉ်းစားဖို့လိုပြီ ဆိုပြီး ပြောဆိုတာနဲ့ ပတ်သက်လို့ ဦးအောင်ဇင်ရဲ့ တုံ့ပြန်ချက်ပါ။ သူက ကျွန်တော် ဖြစ်စေချင်တာက ပြဿနာအ၀၀ကို လွှတ်တော်မှာပဲ ဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။ သူပြောတာကို ဝေဖန်ဖို့၊ လက်ရှိ လွှတ်တော်ဆိုတာ ဘယ်လိုလွှတ်တော်မျိုးလဲ ပြန်ကြည့်ဖို့လိုလာပါတယ်။
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင်စစ်အာဏာရှင်တွေဟာ သူတို့ စိတ်ကြိုက် ဖွဲ့စည်းပုံတစ်ခုရေးဆွဲပြီး ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။ ပြည်သူ့သဘောထားလို့ ဘယ်လိုပဲပြောပြော မသမာမှုတွေ အပါအ၀င် နည်းပေါင်းစုံ အသုံးပြုပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံပါ။ အဲဒီဖွဲ့စည်းပုံကို အခြေခံပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ စစ်အာဏာရှင်တွေ စိတ်ကြိုက်ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့၊ စိတ်ကြိုက် ရွေးကောက်ပွဲဥပဒေ နည်းဥပဒေရေးဆွဲ၊ စိတ်ကြိုက် အကောင်အထည်ဖော် ကျင်းပခဲ့လို့ အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ပါဘူး။ တရားမျှတမှုမရှိတဲ့ ဥပဒေစည်းမျဉ်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိကြပါဘူး။
ဒီလို အခြေအနေအောက်မှာ အာဏာရှင်တွေဟာ ရွေးကောက်ပွဲကနေ သူတို့ လိုချင်တဲ့ ရလဒ်တွေကို ရအောင် ထုတ်ယူခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၄၆၃ နေရာရွေးကောက် ပွဲလုပ်ရာမှာ ပြည်ခိုင်ဖြိုးပါတီက ၃၈၈ နေရာမှာ အနိုင်ယူခဲ့ပါတယ်။ ၈၉ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ဒါတောင် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) စဒကလို ပြည်ခိုင်ဖြိုး မဟာမိတ်ပါတီတွေကရတဲ့ အမတ်တွေကို မတွက်သေးပါဘူး။ ပြောရရင် ပြည်ထောင်စုလွှတ်တော် တစ်ခုလုံးကို ပြည်ခိုင်ဖြိုးပါတီက သိမ်းပိုက်ထားတာပါ။ ဒီအမတ်တွေအားလုံး တကယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စစ်စစ်တွေလို့ ပြောရ အလွန်ခက်ခဲပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲ ရလဒ်အရ အင်န်အယ်လ်ဒီ အမတ် ၄၀ ကျော် ပြည်ထောင်စုလွှတ်တော်ထဲ ရောက်သွားပေမယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်တစ်ခုလုံး ချုပ်ကိုင်ထားမှုကိုတော့ ဘာမှ ထိခိုက်မှု မရှိပါဘူး။ ဒီနေရာမှာ ဦးအောင်ဇင်ပြောတဲ့ ပြဿနာအ၀၀ လွှတ်တော်မှာပဲ ဆွေးနွေးဖို့ဆိုတာဟာ ပြည်ခိုင်ဖြိုးပါတီလုပ်သမျှလက်ခံဖို့ကလွဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး။
ခုဆိုရင် ပြည်ခိုင်ဖြိုးပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီအကြိုက်တွေ လုပ်ကိုင်နေတဲ့ အင်န်ဒီအက်ဖ်ပါတီဟာ တိုင်းရင်းသားတွေ ဘာပြောပြော၊ အင်န်အယ်လ်ဒီနဲ့ ပြည်သူတွေ ဘာဆိုဆို၊ သတင်းမီဒီယာတွေ ဘယ်လိုဝေဖန် ဝေဖန်၊ ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကျင့်သုံးအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့အကောင်အထည်ဖော်သွားမှာ သေချာပါတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့ လိုလားချက်ဆိုတာထက် ပြည်ခိုင်ဖြိုးဟာ လက်ရှိ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်ကြောင့် သူ့အာဏာ လက်မလွှတ်စေရေး၊ အင်န်ဒီအက်ဖ်ဟာ သူ့ပါတီလုံးဝ ကျဆုံးမသွားစေရေး လုပ်ကိုင်မယ်ဆိုတာ ပေါ်လွင်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Written by စည်သူအောင်မြင့်
Mizzima
No comments:
Post a Comment