Wednesday, August 20, 2014

ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့် ပန်းချီပြပွဲ တောင်ကြီးတွင် လုပ်မည်

တောင်ကြီး၊ မဇ္ဈိမ။ ။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် 'ဗိုလ်ချုပ်ပုံတူ ၁ဝဝပန်းချီပြပွဲ'ဟု အမည်ပေးထားသည့် ပန်းချီပြပွဲအား တောင်ကြီးတွင် ကျင်းပရန် စီစဉ်နေပြီဟု ပွဲဖြစ်မြောက်ရေးတာဝန်ခံ သစ္စာပြတင်း လူမှု အနုပညာကွန်ယက်မှ ပန်းချီဆရာ ကိုဇော်မင်းထူးက မဇ္ဈိမကို ပြောသည်။



ပန်းချီပြပွဲတွင် သစ္စာပြတင်းအဖွဲ့ဝင် ပန်းချီပညာရှင်များအပြင် ကလေးပန်းချီ လက်ရာများ ဦးစားပေး ထည့်သွင်းပြသသွားနိုင်ရန် စီစဉ်ထားပြီး ကလေးငယ်များအားလုံး ဗိုလ်ချုပ်ကို လေးစားအားကျ အတုယူစေနိုင်ရန် ရည်ရွယ်သည်ဟုလည်း ၎င်းကဆိုသည်။"ကျွန်တော်တို့ အသက်ရွယ်နဲ့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့် ဆိုတာ ကြုံခဲတယ်၊ ကြုံတုန်းမှာ သစ္စာပြတင်း ပန်းချီဆရာအဖွဲ့တွေ အနေနဲ့ ဗိုလ်ချုပ်ကို ဂုဏ်ပြုပြီး လုပ်တဲ့ပွဲဖြစ်တယ်။ မျိုးဆက်သစ်တွေကိုလည်း ဗိုလ်ချုပ်အကြောင်း၊ စိတ်ဓာတ်တွေကို သိရှိစေချင်တယ် ”ဟု ပွဲဖြစ်မြောက်ရေးတာဝန်ခံ သစ္စာပြတင်းလူမှု အနုပညာကွန်ယက်မှ ပန်းချီဆရာ ကိုဇော်မင်းထူးက မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ်ပုံတူ ၁ဝဝ ပန်းချီပြပွဲအား ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့တွင် သုံးရက် ကျင်းပသွားနိုင်ရန် စီစဉ်ထားပြီး ရွှေညောင်၊ ညောင်ရွှေ၊ တောင်ကြီးမြို့များမှ သစ္စာပြတင်းအဖွဲ့ဝင် ပန်းချီဆရာများ၏ ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါး၊ ဗီဒီယို အနုပညာပြကွက်များ၊ အင်စတော်လေးရှင်း အနုပညာများ ပါဝင်ပြသမည်ဖြစ်သည် ။

ယခင် နှစ်များကလည်း ၎င်းတို့ ပန်းချီအဖွဲ့အနေဖြင့် သုံးနှစ်ဆက်တိုက် ဗိုလ်ချုပ်မွေးနေ့ နှင့် ပြည်ထောင်စုနေ့များတွင် ပြည်ထောင်စုနှင့် သက်ဆိုင်သော နိုင်ငံရေး ပန်းချီပြပွဲများ တောင်ကြီးတွင် ပြုလုပ်ခဲ့ဖူးပြီး ယခုနှစ်တွင် အနာဂတ်မျိုးဆက်သစ်လူငယ်များကို လက်တွဲခေါ်ဆောင်သွားနိုင်ရန် ကလေး၊ လူငယ်များ၏ ဗိုလ်ချုပ်ပန်းချီပုံတူ ၁ဝဝ ကို ထည့်သွင်း ရွေးချယ်ပြသသွားမည် ဟု သစ္စာပြတင်း လူမှု အနုပညာကွန်ယက်မှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်၁ဝဝပြည့် မွေးနေ့မှာ ၂ဝ၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်တွင် ကျရောက်မည်ဖြစ်သည်။








Mizzima

No comments:

Post a Comment