
မူးယစ်ဆေးဝါးမှုဖြင့် သားဖြစ်သူ အဖမ်းခံရသည့် ကိစ္စအတွက် မိမိအနေဖြင့် ရှက်ရွံ့မိကြောင်း ဂျက်ကီချန်းက ဝန်ခံခဲ့ပြီး ပရိသတ်များကိုလည်း တောင်းပန်စကား ပြောကြားခဲ့သည်။
ကိုယ်တိုင်လည်း ဖခင်နည်းတူ သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဂျေဆီချန်းသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုများဖြင့် ယခုသီတင်းပတ် အစောပိုင်းက အဖမ်းခံခဲ့ရသည်။ ယခုဖြစ်ရပ်သည် နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်းအတွက် အကြီးအကျယ် မျက်နှာပျက်စရာ ဖြစ်လာသည်။ ၎င်းသည် (၂၀၀၉)ခုနှစ်က တရုတ်အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ သံတမန်အဖြစ် အပ်နှင်းခံထားရသူ ဖြစ်သည်။သတင်းအချို့က အသက်(၃၁)နှစ်ရှိ ဂျေဆီသည် (၂၀၀၆)ခုနှစ်က ကတည်းက မူးယစ်ဆေး သုံးစွဲနေကြောင်း ဖော်ပြခဲ့သည်။ တရုတ် Social Media ဝက်ဘ်ဆိုက်ဖြစ်သည့် Weibo တွင် ချန်းက ပရိသတ်များထံ တောင်းပန်သည့် Post တစ်ခုကို ရေးသား လွှင့်တင်ခဲ့သည်။
“အများပြည်သူနဲ့ ဆိုင်တဲ့ အနုပညာသမား တစ်ယောက်အနေနဲ့ ကျွန်တော် ရှက်မိပါတယ်။ ဖခင်တစ်ယောက်အနေနဲ့တော့ ကျွန်တော် အရမ်းကို ဆိုးဆိုးရွားရွား နာကျင်ခံစားမိတယ်။ ကျွန်တော့်သားကို ဆုံးမဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်လည်းပဲ မျှဝေပြီး တာဝန်ခံထိုက်ပါတယ်။ အများပြည်သူရှေ့မှာ ကျွန်တော် လေးလေးနက်နက် တောင်းပန်ချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ဂျေဆီသည် ဖခင်၏ နေအိမ်တွင်ပင် အဖမ်းခံရခြင်းဖြစ်ပြီး ရဲများက ၎င်းကို ဖမ်းဆီးမိချိန်တွင် ဆေးခြောက် သုံးစွဲထားကြောင်း သိရသည်။ တရုတ်တွင် ဆေးခြောက်ကို သုံးစွဲခြင်းဖြစ်စေ၊ လက်ဝယ်ရှိခြင်းဖြစ်စေ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ ဂျေဆီနှင့်အတူ ထိုင်ဝမ် နာမည်ကျော်မင်းသား ကိုင်ကိုသည်လည်း မူးယစ်ဆေးဝါးမှုဖြင့် တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
_Ref: Channelnewsasia
7Day Daily
No comments:
Post a Comment