Sunday, August 17, 2014

ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပြည်သူ့အသံ


ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

လွန်ခဲ့သောနှစ်ပေါင်း၄၀၀ကျော် (ခရစ်နှစ် ၁၆၁၂)က ရွှေတိဂုံစေတီတော်ပေါ်မှ ဓမ္မစေတီခေါင်းလောင်းကို ပေါ်တူဂီလူမျိုး ငဇင်ကာက သန်လျင်သို့ သယ်ယူစဉ် လှေဝမ်းကွဲကာ ပြုတ်ကျခဲ့သည် ဆိုသော ခေါင်းလောင်းကြီးအား ဆယ်ယူနေမှုကို မြန်မာပြည်သူများ စိတ်ဝင်စားမှုမြင့်တက်နေသည်။ ဦးစံလင်းဦးဆောင်သောအဖွဲ့က သြဂုတ်၉ရက်မှစတင်၍ ၀ိဇ္ဖာနည်းဖြင့် ဆယ်ယူနေခြင်းဖြစ်ပြီး သြဂုတ်၁၇ရက်ထိ တွေ့ရှိဆယ်ယူနိုင်ခြင်းမရှိသေးပေ။ ဓမ္မစေတီမင်းလှူဒါန်းခဲ့ပြီး အလေးချိန် ပိဿာ တစ်သိန်းရှစ်သောင်းကျော်ရှိသည်ဆိုသော ဓမ္မစေတီခေါင်းလောင်းကို ငဇင်ကာက သယ်ယူစဉ် ငမိုးရိပ်ချောင်းဝ(လက်ရှိပုဇွန်တောင်ချောင်းဝ)၌ နစ်မြုပ်သွားသည်ဆိုသော သမိုင်းနှင့်ပတ်သက်၍ ယုံကြည်သူနှင့်မယုံကြည်သူများကြား အငြင်းပွားမှု များပေါ်ထွက်နေသည်။ ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ပြည်သူများ၏ အသံများကို စုစည်းဖော်ပြပေးလိုက်ပါသည်။ချစ်စံဝင်း
စာရေးဆရာ

စနစ်တကျနဲ့ ဆယ်မယ်ဆိုတော့ ခွင့်မပြုဘူး။ နတ်မေးတဲ့သူက ခွင့် ပြုချက်ရတယ်။ ဘယ်သူတွေ့တွေ့ တွေ့ရင် ပြီးတာပဲ။ ဒါပေမဲ့ ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်က စာရွက်လေး တစ်ရွက် ပေါ်မှာပဲ ခွင့်ပြုလိုက်တာ။ အမှန်တော့ စနစ်တကျစီစဉ်သင့်တယ်။ ရှာ ဖွေကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရမယ်။ အဲဒီအဖွဲ့ထဲမှာ သမိုင်းပညာရှင်တွေ၊ ထောက်လှမ်းရေးတွေ အားလုံးပါဝင်သင့်တယ်။ ပြည်သူလူထုယုန်ထင် ကြောင်ထင်မဖြစ်အောင် နေ့စဉ်အစီရင်ခံစာတွေ လုပ်ပြီး သတင်းစာ၊ ဂျာနယ်တွေကို နေ့စဉ်သတင်းထုတ်ပြန်သင့်တယ်။

ဦးလေးဇင်
စာရေးဆရာ၊ မန္တလေး

ဓမ္မစေတီခေါင်းလောင်းကြီးနဲ့ပတ်သက်ပြီး သိပ်မသိပါဘူး။ ခေါင်း လောင်းကြီးဆယ်နေတာ မရလောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆို တော့ စာတွေထဲဖတ်ထားတာအရ နှစ်ပေါင်းလေးရာလည်းကျော်ပြီ။ မွန်ဘုရင်တွေရဲ့ ကျိန်စာတွေလည်းရှိလိမ့်မယ်ထင်တယ်။ ခေါင်းလောင်း ကြီးရှိခဲ့တယ်ဆိုတာတော့ယုံတယ်။ ဒါပေမဲ့ မြုပ်သွားတာလား ဘယ် ရောက်သွားမလဲဆိုတာတော့ မမှန်းနိုင်ဘူး။ ဒီခေါင်းလောင်းကြီးတွေ့ရင် တော့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လို့ နိုင်ငံအတွက်တော့ တန်ဖိုးကြီးမယ် လို့ ယူဆပါတယ်။ ကိုယ့်လက်ထက်ကျမှ ပြန်ရတယ်လို့ သဘောထား ရမယ်။ ခေါင်းလောင်းကြီးက ပဒေသရာဇ်ခေတ်က မြုပ်သွားတာဆိုတော့ အစောင့်အကြပ်တွေရှိတယ်ဆိုတာကိုတော့ ယုံသလိုပဲ။ အခုပြောနေတဲ့ အစောင့် ၁၄ ယောက်တွေ၊ ဘာတွေတော့ မသိဘူးပေါ့။ ယုံကြည်မှုတစ်ခု နဲ့ရှာနေတဲ့ သူတွေကိုတော့ နိုင်ငံတော်အတွက် အလုပ်တစ်ခုလုပ်နေ တယ်လို့မြင်ချင်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုပြန်ရအောင် ဆောင်ရွက်နေတယ်လို့ ထင်ပါတယ်။

ဒေါ်သိန်းသိန်းဌေး
သင်္ဃန်းကျွန်း

ဓမ္မစေတီခေါင်းလောင်းနဲ့ပတ်သက်ပြီးတော့ သမိုင်းမှာ တကယ်ရှိ တဲ့ခေါင်းလောင်းလို့ သိထားတယ်။ ပြီးတော့ အခုဆယ်ယူနေတယ်ဆို တာတွေကို ဂျာနယ်တွေမှာလည်း ဖတ်ရတယ်။ ခေါင်းလောင်းကြီးရှိတယ် လို့လည်း ယုံကြည်တယ်။ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေတောင်မှရှိတယ်၊ ဆယ်ယူနိုင်ဖို့ကိုလည်း မေတ္တာပို့ဆုတောင်းတယ်။ တကယ်ဆယ်နိုင် မလားဆိုတာကတော့ ပြောရခက်တယ်။ တကယ်လို့ဆယ်နိုင်ရင်တော့ သမိုင်းတွင်သွားမယ်၊ မြန်မာ့ဂုဏ်ဆောင်သွားမယ်။ အခုဒဏ္ဍာရီဆန်ဆန် ပြောနေတာတွေကိုတော့ မယုံပါဘူး။ ရာသီဥတုက သူ့ဟာသူဖြစ်နေတာ။

ဦးကျော်မြင့်
ဒဂုံတောင်မြို့နယ်

သတင်းတွေထဲမှာလည်းပါတော့ ထူးခြားလာမလား လာကြည့် တာ။ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ။ စက်နဲ့တူးမယ်လို့ စာစောင်တွေမှာပါလို့ လာကြည့်တာ။ နှစ် ၄၀၀ ကျော်ရှိပြီဆိုတော့ ရှိလား၊ မရှိလားတော့ သေချာမသိဘူး။ ဂမ္ဘီရအနေနဲ့ ရှိတယ်လို့ ပြောတယ်။ ပေါ်ရင်တော့ ကောင်းတာပေါ့။ ဦးစံလင်းကလည်း သူရအောင် ဆယ်မယ်ဆိုတော့ တွေ့နိုင်မှာပါ။ ဦးအနေနဲ့ကတော့ မရနိုင်ဘူးထင်တယ်။ ခေါင်းလောင်း က နှစ်ကြာတော့ ရွေ့သွားနိုင်တာပေါ့။

ဦးအောင်ကျော်ထွန်း
လှိုင်မြို့နယ်

ဓမ္မစေတီခေါင်းလောင်းနဲ့ပတ်သက်ပြီးတော့ သမိုင်းကတော့ အထောက်အထားက အတိအကျမရှိဘူး။ ခေါင်းလောင်းကြီးကိုငဇင်ကာ သယ်သွားတယ်၊ လှေဝမ်းကွဲပြီးမြုပ်သွားတယ်။ ဒီလောက်ပဲသိတာ။ ဘယ်သူပြောသွားလဲဆိုတော့ အတိအကျမရှိဘူး။ ဒဏ္ဍာရီလိုမျိုးဖြစ်နေ တာ။ တကယ်လို့ ဆယ်လို့ရရင်တော့ တိုင်းပြည်အတွက် အများကြီးဂုဏ် တက်မယ်။ ရွှေတိဂုံမှာထားမယ်လို့လည်းကြားတယ်။ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးလည်းဖြစ်တယ်လေ။ ခေါင်းလောင်းကြီးပေါ်လာရင် တော့ အတိုင်းထက်အလွန်ပေါ့။ ခေါင်းလောင်းကြီးရှိတာကိုတော့ ယုံကြည်တယ်။ ဒါပေမဲ့ ငဇင်ကာသယ်သွားပြီး ဒီနေရာမှာကျခဲ့တာ ဟုတ်၊ မဟုတ်ကတော့ ဘယ်သူမှအတိအကျ မပြောနိုင်ဘူး။ ဆယ်နေ တာကတော့ ဗုဒ္ဓသားတော်တွေလည်းပါတယ်။ သိပ္ပံထက်တော့စွမ်း ရင်စွမ်းမှာပေါ့။ ခေါင်းလောင်းလည်းရှိတယ်။ ကတိသစ္စာနဲ့ဆယ်ရင် တော့ ဆယ်လို့ရမယ်ထင်ပါတယ်။ ဒဏ္ဍာရီဆန်ဆန် ကောလာဟလတွေ ကတော့ အမျိုးမျိုးပြောနေကြတာပဲ။

ကေကေကြီး
သင်္ဃန်းကျွန်းမြို့နယ်

ဒီခေါင်းလောင်းနဲ့ပတ်သက်လို့ ဦးလေးအရင်က ဘယ်လိုသိထား သလဲဆိုတော့ ကျောင်းစာမှာသင်ရတယ်။ အခုတော့ ဆယ်တော့မယ်ဆို တော့ ကျောင်းစာတွေမှာလည်းသင်ရတော့ ဒါကြီးကို အရမ်းစိတ်ဝင်စား တယ်။ ကြည့်လည်းကြည့်ချင်တယ်။ သတင်းစာတွေဖတ်တယ်။ ဒီကို လာပြီးတော့ကြည့်တယ်။

ဒီခေါင်းလောင်းကြီးကိုရှိတယ်လို့ကို ယုံကြည်ထားတယ်။ ပြီးတော့ ရနိုင်မယ်လို့လည်း ယုံကြည်ထားတယ်။ မြန်မာလူမျိုးမရဘူးဆိုတာမရှိ စေရဘူး။ ရကိုရရမယ်။ ဘာလို့ယုံကြည်ရလဲဆိုတော့ ပြည်သူတွေ ရဟန်းရှင်လူတွေကိုယ်တိုင်ကိုက တစ်ခဲနက်လာပြီး အားပေးနေကြ တယ်။ ဒါကြီးကလည်း ကမ္ဘာမှာ အထွတ်အထိပ်ဖြစ်နေတာမို့ ရစေချင် တယ်။ ရမယ်လို့လည်း မျှော်လင့်တယ်။

ဒါက အကျိုးရှိတယ်။ ဘာလို့လဲဆိုတော့ ဒါကိုကျောင်းစာတွေမှာ လည်း သင်ခဲ့ရတဲ့အတွက် မြန်မာပြည်သန်း ၆၀ ကျော်လုံးက ကြည့်ချင် နေကြတယ်။

ဦးကျော်သန်း
မြောက်ဥက္ကလာပမြို့နယ်

စာတွေဖတ်ရတာပေါ့။ ဆရာကြီးသန်းထွန်းက ဒါကသမိုင်းထဲမပါ လို့ ဘာမှမပြောဘူး။ သမိုင်းဆရာတွေအားလုံးရဲ့ ထက်ဝက်က ၆၅ ရာခိုင် နှုန်းလက်ခံတယ်။ ၃၅ ရာခိုင်နှုန်းက လက်မခံဘူး။ ဦးတို့ကျတော့ ရှိတယ် ဆိုတာ ၉၀ ရာခိုင်နှုန်းလက်ခံတယ်။ ရမယ်ဆိုတာ အခုမမျှော်ဘူး။ တစ် နေ့နေ့၊ တစ်ချိန်ချိန်၊ တစ်နေရာရာမှာ၊ တစ်ဦးဦးက သေချာပေါက်ရ မယ်။ ၁၅ ရာစုကရေးထားတဲ့ ကလျာဏီကျောက်စာအရ ခေါင်းလောင်း ရှိတယ်ဆိုတာ ယုံကြည်တယ်။ ဗုဒ္ဓဘာသာရှာရင် ကန်တော့ပွဲပေးမယ်၊ ခရစ်ယာန်က လာရှာရင် ဘုရားသခင်ကောင်းချီးပေးပါစေလုပ်မယ်၊ သူ့ ယုံကြည်ရာ သူလုပ်မှာပဲ။ ဒါတော့ သွားပြောလို့မရဘူး။ ဒါကတော့ ဦးစံ လင်းတို့ရှာနေတာ ဝိဇ္ဇာသက်သက်လုံးဝကိုမဟုတ်ဘူး။ သူတို့မှာ နည်း ပညာရှိလို့ကိုလုပ်တာ။ ခေါင်းလောင်းကြီးသာတွေ့ရင် နိုင်ငံအတွက် အကျိုးကတော့ တစ်ကမ္ဘာလုံးမှာ အကြီးဆုံးဆိုတော့ ဝင်ငွေနဲ့တွက်မယ် ဆိုရင် အများကြီးဖြစ်သွားမယ်။ နိုင်ငံခြားသားတွေလာကြည့်မယ်လေ။ အခုတောင် နိုင်ငံခြားသားတွေ တော်တော်လာကြည့်နေပြီ။

ဦးဣန္ဒြာသီရိ
ဝါတော်သုံးဆယ်၊ ကျောက်မြောင်း

နှစ်ပေါင်းလေးရာကျော်လောက်ကတည်းကရှိတယ်ဆိုတာ စာတွေ ပဲဖတ်ထားလို့ သိရတယ်လေ။ ဒီခေါင်းလောင်းကြီးကတကယ်တမ်းရှိ တယ်၊ မရှိဘူးဆိုတာ ဘယ်သူမှလည်း တပ်အပ်မပြောနိုင်ဘူး။ သမိုင်း ကြောင်းအရ ခန့်မှန်းပြီးတော့ ပြောနေကြတာလေ။ ခေါင်းလောင်း တကယ်ရှိလားဆိုတာ ဘုန်းဘုန်းလည်း အတိအကျမပြောနိုင်ဘူး။ ခေါင်း လောင်းတွေ့ဖို့က မလွယ်လောက်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းက တော်တော်ကြာတော့ ဒီနေရာမှာရှိချင်မှလည်းရှိမယ်။ တကယ်လို့တွေ့ခဲ့ရင် ဒါကရှေးဟောင်းအမွေအနှစ်ဆိုတော့ ကမ္ဘာနဲ့ ယှဉ်ပြီးတော့မှ အကျိုးကျေးဇူးတွေ အများကြီးရှိနိုင်ပါတယ်။

ကိုကျော်ဇေယျာလင်း
ရေကျော်၊ ပုဇွန်တောင်

ဒီခေါင်းလောင်းကြီးကတော့ ပြန်ပြီးတော့ ဆယ်နိုင်ရင်တော့ကောင်း တာပေါ့။ ကျွန်တော်ကတော့ ဒါကြီးကို တကယ်ရှိတယ်လို့ ယုံတယ်။ ဘာလို့လဲဆိုတော့ အရင်ပါးစပ်ရာဇဝင်တွေရှိနေသလို သမိုင်းတချို့တွေ ကလည်း ဖော်ပြနေတယ်။ ဒါပေမဲ့ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပြန်ပေါ် လာမယ်ဆိုရင်တော့ နိုင်ငံအတွက်ကောင်းတာပေါ့။ ရှေ့ဟောင်းပစ္စည်း တစ်ခုအနေနဲ့ ဂုဏ်ယူစရာပေါ့။ ဗိဿနိုးတို့၊ ဟန်လင်းတို့ကို ရှေးဟောင်း အမွေအနှစ်စာရင်းသွင်းသလိုမျိုး နောက်ပိုင်းမှာလည်း ဒါကဖြစ်ကောင်း ဖြစ်လာနိုင်တယ်။

ဒီခေါင်းလောင်းကြီးက ရေမှာပျော်တယ်လို့လည်းပြောနေကြ တယ်ဆိုတော့ ဒါတွေက ပြောလို့မရပါဘူး။ မယုံလို့လည်းမရပါဘူး။ ဒါပေမဲ့ ဒီခေါင်းလောင်းကြီးပေါ်လာရင်တော့ အကောင်းဆုံးပေါ့။

ဦးဇော်ဝင်း
သာကေတ

ခေါင်းလောင်းကြီးနဲ့ပတ်သက်ပြီးတော့ ဓမ္မစေတီခေါင်းလောင်းမှာ နဂါး သိုက်ရှိတယ်၊ မိကျောင်းသိုက်ပါရှိတယ်၊ ရတနာသေတ္တာကိုပါစောင့် တယ်ဆိုပြီး သိထားတယ်။ ပြီးတော့ အရင်တုန်းကလည်း ဆယ်တာရှိပေ မယ့် ဘယ်သူမှဆယ်လို့မရကြဘူး။ အခုဆယ်နေတဲ့အတွက်ရပါစေလို့ ဆုတောင်းတယ်၊ ခေါင်းလောင်းကြီးရှိတယ်လို့လည်း ယုံကြည်တယ်၊ အခုလူစုလူဝေးနဲ့ စိတ်ဝင်တစားလာကြည့်ကြတာကိုလည်း ဝမ်းသာ တယ်၊ ဆယ်ယူလို့ရမယ်လို့လည်း ယုံကြည်တယ်။ ခေါင်းလောင်းကြီး ရရင်တော့ နိုင်ငံတော်အတွက် ဂုဏ်ယူရမယ်၊ ရွှေတိဂုံမှာထားမယ်ဆို တော့ ရဟန်းရှင်လူ လူအများလည်းဖူးမြော်နိုင်မယ်၊ အားလုံးအတွက် လည်း ဝမ်းသာစရာပဲ။ ဒဏ္ဍာရီဆန်ဆန်အပြောတွေကတော့ မယုံကြည် ဘူး။

မလင်းလင်း
စာရင်းကိုင်၊ တောင်ဥက္ကလာပမြို့နယ်

ခေါင်းလောင်းနဲ့ပတ်သက်ပြီး ထူးထူးခြားခြား သိတာတော့ မရှိပါဘူး။ ရှေးခေတ်ကတည်းက ရှိတယ်လို့ ကြားဖူးတော့ ခေါင်းလောင်းရှိမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ တွေ့မတွေ့တော့သေချာမပြောနိုင်ဘူး။ အတိအကျ ပြောလို့ မရဘူး။ နှစ်ပေါင်း ၄၀၀ ကျော်ကြာပြီဆိုတော့ ဆရာတော်တွေ ရဲ့ တန်ခိုးယုံကြည်မှုနဲ့ ဆယ်ယူနိုင်မယ်လို့ ယူဆပါတယ်။ နိုင်ငံတော်အ တွက်ဆို ဒါက ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းလို့ ပြောလို့ရတယ်။ မြန်မာ နိုင်ငံအတွက် ဂုဏ်ယူရမှာပေါ့။ ရှိတယ်လို့လည်း ယုံကြည်တယ်။ ရှိလို့ လည်း အခုလို သမိုင်းဖြစ်လာတာလို့ မြင်တယ်။

ကိုမြတ်သူ
သုဝဏ္ဏစံပြဈေး

အခုပြောနေကြတာတော့ အမျိုးမျိုးပြောနေကြတယ်။ တွေ့မယ် ပေါ့။ တွေ့ရင်လည်း ကောင်းပါတယ်။ ခေါင်းလောင်းကြီးရှိတယ်လို့လည်း ယုံကြည်လို့ရပါတယ်။ အရင်ကတည်းကရှိခဲ့တယ်လို့ ပြောကြတယ်လေ။ အကျိုးကျေးဇူးကတော့ ကျွန်တော်တို့မြန်မာတွေဂုဏ်ယူရမှာ အကြီးဆုံး ခေါင်းလောင်းကြီးလည်းဖြစ်လာမယ်ဆိုတော့လေ။

ခေါင်းလောင်းကြီးဆယ်တဲ့နေရာမှာ မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေက ကူညီစောင့်ရှောက်နေတယ်လို့ပြောတဲ့အပေါ်မှာ ကျွန်တော်ယုံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်သရဲခြောက်ခံရဖူးတယ်လေ။ ဒါတွေက မယုံလို့မရဘူးဖြစ်နေတယ်။ အခုလိုရှာမယ့်သူရှိတော့လည်းကောင်းပါ တယ်။ ဘာလို့လဲဆိုတော့ ကိုယ်တွေမှမလုပ်နိုင်တာ။

ဆရာနောင် (ရူပ)
သတင်းစာဆရာ၊ မန္တလေး

ခေါင်းလောင်းကြီးကို လောကီရော လောကုတ္တရာနည်းတွေနဲ့ပါ ရှာမယ်လို့ကြားတယ်။ လောကီနည်းနဲ့ အသိပညာရှင်၊ အတတ်ပညာ ရှင်တွေခေါ်ပြီး ရှာမယ်ဆိုတွေ့မယ်ထင်ပါတယ်။ သမိုင်းအထောက် အထားတွေနဲ့ဆိုတော့ ဒီခေါင်းလောင်းကြီးက သေချာပေါက်ရှိပါတယ်။ ဘယ်နေရာမှာဆိုတာသာ မသိတာ။ အချက်အလက်တွေရှိတာကိုး။ ကျသွားတဲ့နေရာမှာတော့ ရှိနိုင်ဖို့မလွယ်ဘူး။ နှစ်ပေါင်းလေးရာကျော်ပြီ ဆိုတော့ ရွေ့လျားသွားနိုင်ပါတယ်။ ကမ္ဘာပေါ်က အကြီးဆုံးခေါင်း လောင်းကြီးတွေထဲမှာပါတော့ ဒီခေါင်းလောင်းကြီးသာပြန်တွေ့ရင် နိုင်ငံရဲ့ သမိုင်းနဲ့ယဉ်ကျေးမှုအရ ဂုဏ်ယူစရာရှိမှာပေါ့။ ခရီးသွားဆိုက် အနေနဲ့လည်း ပြမယ်ဆိုရင် ဆွဲဆောင်မှုလည်းရှိတယ်။ ဒီခေါင်းလောင်း ကြီးရှိခဲ့တာကိုတော့ ယုံပါတယ်။ မြန်မာတွေက ဒဏ္ဍာရီတွေကို ယုံကြည် ကြတယ်လေ။ လူတွေရဲ့ စိတ်ဖြည့်ဆည်းတဲ့အနေနဲ့၊ စိတ်ထွက်ပေါက် အနေနဲ့ ပြောတာလို့ပဲ ယူဆပါတယ်။

ဦးလှမြင့်
ကမာရွတ်

ပင်လယ်ဝမှာ ခေါင်းလောင်းကြီး ပြုတ်ကျသွားတဲ့ သမိုင်းကြောင်း လည်း အခိုင်အမာရှိနေတော့ ဒီခေါင်းလောင်းကြီး ရေအောက်မှာ ရှိနေ လိမ့်မယ်လို့ ယုံကြည်တယ်။ ခေါင်းလောင်းကြီးပြန်ရရင် ရွှေတိဂုံဘုရား မှာ ပြန်ထားရမယ်လို့ဆိုထားတဲ့အတွက် ကျွန်တော်တို့ဗုဒ္ဓဘာသာအယူ အဆအရလည်း ပြန်ရနိုင်တယ်လို့ယုံကြည်တယ်။ ဒါပေမဲ့ ပြန်ရှာတဲ့ နေရာမှာတော့ နည်းပညာအားကိုးနဲ့ ဒီထက်လက်တွေ့ကျတဲ့နည်းနဲ့ ရှာမယ်ဆိုရင် ပိုကောင်းတာပေါ့။

ဒေါ်အေးအေးမွန်
ဒဂုံတောင်မြို့နယ် -၂၆ ရပ်ကွက်

ခေါင်းလောင်းနဲ့ပတ်သက်ပြီး အန်တီတို့ ငယ်ငယ်တုန်းကတော့ လူကြီး တွေပြောတာ ကြားဖူးတာက ခေါင်းလောင်းထုပြီး လှူဒါန်းခဲ့ပေမယ့် အသံမထွက်တော့ ဘာကြောင့် အသံမထွက်တာလဲဆိုပြီး ကြည့်တော့ မိချောင်းနက္ခတ်မှာ ထုလုပ်ခဲ့တဲ့အတွက် ကုန်းပေါ်မှာနေလို့မရဘူး။ ရေထဲမှာပဲ စံပျော်မယ်လို့ ပြောတာကြားဖူးတယ်။ အခုဆယ်တာ တွေ့မယ်လို့တော့ သေချာမသိဘူး။ တစ်ခါတော့ ကြားဖူးတယ်။ တံငါသည်သားအဖနှစ်ယောက် ငါးဖမ်းထွက်ရင်း ခေါင်းလောင်းပေါ်လာတာ မြင်ခဲ့ဖူး တယ်။ နောက် ရွှေတိဂုံဘုရားဘက်ကို လှည့်ပြီး ဦးတိုက်ခဲ့ တယ်လို့။ အဲဒီတော့ ကိုယ်လည်း မဆုံးဖြတ်တတ်ဘူး။ ပေါ်လာရင် နိုင်ငံအတွက် အကျိုးရှိ၊ မရှိ မသိပေမယ့် ဗုဒ္ဓဘာသာအတွက် သမိုင်းတစ်ခုဖြစ်မယ်လို့ ယူဆတယ်။ ဒါကလည်း အရင်က သမိုင်းကြောင်းရှိခဲ့လို့ပဲ ပုံပြင်မှ မဟုတ်တာ။

ဦးခင်အောင်
သန်းတစ်ရာထုံးဘဲဥလုပ်ငန်း၊ မန္တလေးမြို့

မွန်ဘုရင်တွေ လက်ထက်တုန်းက ရေကြောင်းသုံးကြောင်း ဆုံတဲ့ နေရာမှာ ကျခဲ့တယ်ဆိုတာလောက်ပဲ အကြမ်းဖျင်းသိထားတယ်။ အခု အတိုင်းဆိုရင်တော့ တော်တော် မလွယ်ဘူးထင်တာပဲ။ သတင်းတွေထဲမှာ ဖတ်ရသလောက်က ဘာမှတိတိကျကျကို မထုတ်ပြန်နိုင်သေးဘူးဆို တော့အားလုံးခြုံပြောရရင် မလွယ်လောက်ဘူး။ တကယ်ရှိရင် ကျခဲ့ရင် တော့ တွေ့ရမှာပဲ။ တွေ့ခဲ့ရင်တော့ အခုခေတ်လူတွေ ရှေးဟောင်းယဉ် ကျေးမှု လက်ရာအမွေအနှစ်တစ်ခုအနေနဲ့ လေ့လာနိုင်မှာပေါ့။ ဒဏ္ဍာရီ လာသမိုင်းတွေကို ယုံတယ်၊ မယုံဘူးကတော့ အတပ်မပြောတတ်ဘူး။ ဒီအပိုင်းတွေက ကိုယ်တွေသေချာလေ့လာထားတဲ့ အပိုင်းမဟုတ်လို့။

ဦးစိန်ဝင်း
အလယ်တန်းကျောင်းအုပ်(ငြိမ်း)၊ မန္တလေးမြို့

ရှေးဟောင်းသမိုင်းဝင် ပစ္စည်းကြီးဖြစ်လို့ ရအောင်ဆယ်ဖို့ ကြိုးစား နေတာတော့ စာတွေထဲမှာ ဖတ်ရတယ်။ တွေ့မယ်ထင်ပါတယ်။ အခုသင်္ဘောပျက်တွေ့ပြီ ပြောတယ်။ သင်္ဘောပျက်ဖယ်ပြီးရင်တော့ အဖြေသိရတော့မှာပေါ့။ တွေ့ခဲ့ရင်တော့ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း ကြီး ဖြစ်လာမယ်။ ရှေးဟောင်းသမိုင်းဝင်လည်း ဖြစ်လာမယ်။ တချို့က လည်း ငဇင်ကာကဒီက ရတနာတွေ အကုန်သယ်သွားပြီး ဒီမှာသင်္ဘော မြုပ်ခဲ့တယ်။ ခေါင်းလောင်းကြီးမြုပ်ခဲ့တယ်လို့ ကောလာဟလတွေ သေချာလွှင့်ခဲ့တာ။ တကယ်မကျန်ခဲ့ဘူးလို့ ပြောတဲ့သူတွေလည်း ရှိ တယ်။ ဒါပေမဲ့ တချို့ပစ္စည်းတွေက ပြည်ပကို တကယ်သယ်လို့ မရတာ မျိုးတွေလည်း ရှိလို့ မြစ်ထဲမြုပ်ကျန်ခဲ့တယ်ဆိုတာ တကယ်ဖြစ်နိုင်တာပဲ။


7Day Daily

0 comments:

Post a Comment