Wednesday, August 13, 2014

တပ်သိမ်းမြေ ဧကတစ်သောင်းကျော် ပြန်ရရေး ကန့်ဘလူတွင် တောင်သူထောင်ချီ ဆန္ဒထုတ်ဖော်


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ တပ်မတော်ပိုင် ကြံစိုက်ပျိုးသည့် လယ်မြေဧက ၁၃၀၀၀ ကျော်ကို မူလပိုင်ရှင်များထံ ပြန်ပေးရန်နှင့် ဇူလိုင်လအတွင်း တပ်မတော်ပိုင် ကြံစိုက်ပျိုးသည့် မြေများပေါ်သို့ ကျူးကျော် ဝင်ရောက် ဖျက်ဆီးခဲ့သည်ဟူသည့် ပုဒ်မဖြင့် တောင်သူ ၅၆ ဦးကို ထောင်ဒဏ်ချခဲ့မှုမှ ချက်ချင်းပြန်လွှတ်ပေးရန် သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့ပေါ်တွင် တောင်သူ ထောင်ချီ၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။“အခု အနေအထားက တပ်မတော်ရယ်၊ မူလမြေရှင်တွေရယ်၊ သီးစားချထားတဲ့ သူတွေရယ် သုံးပွင့်ဆိုင် အနေအထား ဖြစ်နေတယ်။ တပ်ကလည်း ပေးမယ်ပြောလိုက် မပေးဘူး ပြောလိုက်နဲ့ မူလပိုင်ရှင်တွေ ဝင်ထွန်ယက်တော့လည်း အင်အားပြပြီး လာလာခြိမ်းခြောက်တယ်။ အခုဆို ဒေသခံတွေပါ ထောင်တွေ ကျနေပြီ။ ကိုယ့်မြေ ကိုယ်ပြန်တောင်းတာ ထောင်ခြောက်လ ကျတဲ့သူနဲ့ ကိုးလကျတဲ့သူနဲ့ ဖြစ်နေပြီ” ဟု ပေကြီးရွာနေ ဒေါ်မာမြင့်က ပြောဆိုသည်။

သိမ်းဆည်းမြေများ ပြန်လည်မရခြင်း၊ သီးစားချထားသူများထံမှလည်း သီးစားခ ဆက်ယူနေပြီး စိုက်ပျိုးစေခိုင်းနေခြင်းကြောင့် ဒေသခံများနှင့် နယ်မြေခံ တပ်ရင်းမှ တပ်သားများနှင့် မကြာခဏ ထိပ်တိုက် တွေ့ဆုံမှုများရှိခဲ့ပြီး ဒေသခံများကို တပ်မတော်သားများက လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ပါရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။

“တပ်မတော်သိမ်းတာ ၁၃ နှစ်လောက် ရှိပြီ။ အခုသီးစားချထားလို့ ပြန်ပေးဖို့ ပြန်တောင်းတာ။ ကိုယ့်လယ်ထဲ လယ်ပြန်ထွန်တော့ ကျူးကျော်ဝင်ရောက် ဖျက်ဆီးတယ်ဆိုပြီး ထောင်ဒဏ်ချတယ်။ ရွှေဘိုထောင်မှာ ထားသလို တချို့ဆို ပဲခူးထောင်ထိပါ ပို့ခံရတယ်” ဟု ဖုတ်ကုန်းရွာနေ ဦးဉာဏ်ရှင်က ဆိုသည်။

တပ်သိမ်း လယ်ယာမြေများ အားလုံး မူလပိုင်ရှင်များ ပြန်လည်ရရှိရေး၊ အကျဉ်းကျခံ တောင်သူများ ပြန်လည်လွတ်မြောက်ရေး၊ တရားစွဲဆိုခံ တောင်သူ ၁၇၀ ကို အမှုပြန်လည် ရုပ်သိမ်းပေးရေး၊ တပ်မတော်က ဥပဒေမဲ့ သီးနှံဖျက်ဆီးနေမှု ရပ်တန့်ပေးရေး၊ သီးစားများ မူလပိုင်ရှင်၏ လယ်မြေထဲမှ ထွက်ခွာပေးရေး စသည့် အချက်များကို ဒေသခံ တောင်သူများက ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့သည်။

တရားဝင် ခွင့်ပြုမိန့်ရသော ဆန္ဒထုတ်ဖော်ပွဲသို့ ကန့်ဘလူမြို့နယ် အတွင်းရှိ ခအုံးသာရွာ၊ ပေကြီးရွာ၊ ထောက်ရှာအိုင်ရွာ၊ မြေမွန်ရွာ၊ ငှက်ပျောတိုင်းရွာနှင့် ဖုတ်ကုန်းကျေးရွာတို့မှ ဒေသခံ တောင်သူများက ဒိုင်နာယာဉ်များဖြင့် ကန့်ဘလူမြို့ပေါ်သို့ လာရောက်ကာ ဘောလုံးကွင်းရှေ့တွင် လူစုပြီး မြို့အတွင်းသို့ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment