Sunday, August 10, 2014

ဘာသာရေး ပဋိပက္ခကြောင့် ပြသခွင့်မရခဲ့သည့် "အမိုးမရှိတဲ့ ကောင်းကင်" ဇာတ်ကားကို ကြည့်ရှုဆွေးနွေး

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရိုက်ကူးခဲ့သည်ဟု ယူဆခြင်းကြောင့် ပြသခွင့်မရခဲ့သည့် “ The Open Sky” အမိုးမရှိတဲ့ကောင်းကင်" မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ထေရဝါဒ တက္ကသိုလ် ပါမောက္ခ ဆရာတော် ဒေါက်တာ အရှင်ဓမ္မပီယ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးအေးလွင်၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး၊ ရတနာမေတ္တာ ဦးမြင့်ဆွေနှင့် အခြားသော ဧည့်ပရိသတ်များမှ ကြည့်ရှုကာ ယင်းဇာတ်ကားကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။



ယင်း ဆွေးနွေးပွဲတွင် နေဘုန်းလတ်က ဦးဆောင် ဆွေးနွေးသူအဖြစ် ပါဝင်ကာ သြဂုတ် ၉ ရက်၌ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ဆွေးနွေးခဲ့သည်။ "ဒီဇာတ်ကားထဲမှာ ဘုန်းကြီးတစ်ပါးရဲ့ အမှန်တကယ်ဖြစ်စဉ် ဖြစ်တဲ့ အကြောင်းမပါဘူး။ တစ်ဖက်အကြောင်းကိုပဲ စောင်းပေးဖော်ပြခဲ့တယ်။ ဘုန်းကြီးကိုဝိုင်းပြီး ရိုက်တာတွေကို ထည့်သွင်း ရိုက်ကူးမယ်ဆိုရင်တော့ နှစ်ဘက်စလုံး ညီမျှပါမယ်။ ဒါပေမယ့် ဒီဇာတ်လမ်းထဲမှာတော့ ဘာသာရေးနဲ့ ပက်သက်ပြီး ပဋိပက္ခ ဖြစ်စေလောက်တဲ့ အကြောင်းအရာတွေ မပါဝင်ပါဘူး"ဟု ထေရဝါဒ တက္ကသိုလ် ပါမောက္ခ ဆရာတော် ဒေါက်တာ အရှင်ဓမ္မပီယ က မိန့်သည်။အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပရေး ကော်မတီမှ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ပထမအကြိမ် ရုပ်ရှင်ပွဲတော် အပြီးမှာ ခရီးသွား ရုပ်ရှင်ပွဲတော် ဆိုပြီးကျင်းပခဲ့တယ်။ တိုင်းနှင့် ပြည်နယ် ၊မြို့ကြီးတွေကိုသွားခဲ့တယ်။ဒီနှစ်တော့ အဲဒီတိုင်းနဲ့ ပြည်နယ်တွေမှာ မဟုတ်တော့ဘူး။ အဲဒီထက်ငယ်တဲ့တဲ့ နေရာတွေမှာ ထပ်မံသွားရောက်မယ်။ အဲဒီမြို့တွေရဲ့ အခြေအနေကိုကြည့်ပြီးတော့ ဒီကားကိုပြဖို့ အစီအစဉ်ရှိတယ်။ ဒီရုပ်ရှင်ကို ပြသခွင့်မရခဲ့လို့ ဆုပေးပွဲမှာ ကျွန်တော့်ပြောခဲ့တဲ့အတိုင်း ဘာမှမပြောင်းလဲဘဲနဲ့ ပရိသတ်တွေ အတူတူကြည့်မယ် ဆိုတဲ့ဟာကို အကောင်အထည်ဖော်လိုက်တာပါ” ဟု “ The Open Sky ” အမိုးမရှိတဲ့ကောင်းကင် မှတ်တမ်းဇာတ်လမ်းအား ပြသခဲ့သည့် ရည်ရွယ်ချက်ကို ပြောသည်။



ဘာသာရေး ပဋိပက္ခနှင့် ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကိုမြအေးက “ မန္တလေး ကိစ္စမှာ သမ္မတကြီးမိန့်ခွန်း ပြောသွားတဲ့ စကားတစ်ခုက မှုခင်းရဲ့ နောက်ကွယ်မှာ လူတစ်စုရှိတယ်လို့ ပြောခဲ့တယ်။ အဲဒီလူတစ်စုကို သမ္မတကြီးသိနေလို့ဘဲ ။အဲဒါကို သမ္မတကြီး ဖော်ထုတ်ပေးသင့်ပါတယ်။ ဒါက အစိုးရမှာဘဲ တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ယင်း မှတ်တမ်းရုပ်ရှင်ဇာတ်ကားသည် ဇွန်လ ၁၅ ရက်၌ ဒုတိယအကြိမ် ကျင်းပခဲ့သည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ မဖြစ်စေရန် ပြသခဲ့ခြင်း မရှိသည့် မှတ်တမ်းရုပ်ရှင်တစ်ကား ဖြစ်သည်။ ဒါရိုက်တာ ကြယ်ရီလင်းစစ်သည် “ ဒီကားက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သင့်တဲ့ကားပါ။ အပြင်မှာပြောနေကြတဲ့ ပဋိပက္ခတွေကို ဒီဇာတ်ကားကို ကြည့်လိုက်ရင် ပိုရှင်းလင်းသွားလိမ့်မယ်။ ဒီဇာတ်ကားက မြင်တွေ့နေရတဲ့ဟာတွေကို ရည်ညွှန်းတာ မဟုတ်ဘူး။ မမြင်ရတဲ့လူတစ် ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာခရီးတစ်ခုကို ပြသခဲ့တာပါ။ ဒီဇာတ်ကားက ငြိမ်းချမ်းရေးနဲ့ မေတ္တာကို စောင်းပေးရိုက်တာပါ။ ဒီလိုငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို ရစေမယ့် ဇာတ်လမ်းမျိုးကို ရိုက်ချင်ပါတယ်။ဒုတိယကားလည်း ဒီလိုမျိုး ဖြစ်လာမလား မပြောတတ်ဘူး” ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်သည် မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်တွင် သွားရောက်ရိုက်ကူးထားပြီး အစ္စလာမ် အမျိုးသမီးတစ်ဦးတည်းကိုသာ ရိုက်ကူးခဲ့သော်လည်း ထိုမှတ်တမ်းရုပ်ရှင်၌ ၎င်း၏စကားများသည် ဂရုဏာတရား ၊ မေတ္တာတရားများ ပြည့်နှက်နေပြီး ဒေါသ ၊မောဟ များမပါဝင်ခဲ့ပေ။ အဆိုပါ မှတ်တမ်းရုပ်ရှင်တွင် ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန်အကြောင်းအရာများ ဖော်ပြထားခြင်း မရှိသည့် မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး ဇာတ်ကားအား ဒါရိုက်တာ ကြယ်ရီလင်းစစ် ၊ လင်းဆက်နွယ် နှင့် ဖြိုးဇေယျာကျော်တို့က မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားခြင်း ဖြစ်သည်။


Mizzima

0 comments:

Post a Comment