Saturday, August 16, 2014

ပျိုမေတို့ သတိပြုရှောင် မပေးအပ်သောလက်ဆောင်


လက်ဆောင်ဆိုတဲ့စကားရပ်ကလေးကိုကြားနာမိတာနဲ့ ပေးပို့ရသူဖြစ်စေ၊ လက်ခံရယူမိသူဖြစ်စေ စိတ်မှာကြည်နူးချမ်းမြေ့ခြင်းဆိုတဲ့ သာယာခြင်းလေပြည်လေးဟာ တိုက်ခတ်သွားရတော့တာပါပဲ။ ပေးပို့ရသူတစ်ယောက်အတွက် သင့်တော်အသုံးတည့်ပြီး ကိုယ်ပေးတဲ့ အမှတ်တရလေးက တသက်တာချိုမြိန်စေမယ်ဆိုရင် ပီတိအစဉ်နဲ့ ကြည်နူးမိကြရမှာပါ။ လက်ခံရရှိသူအနေနဲ့ကရော ထင်မထားတဲ့ပေးအပ်မှုတစ်ခုဖြစ်တဲ့အတွက် ဘယ်သို့သောအရာဝတ္ထုဆိုတာ သိခွင့်မရှိပါစေအုံး အလိုက်တသိပေးအပ်လာတဲ့ မိမိအတွက် ရည်ရွယ်ခြင်းဖြစ်နေတာမို့ ၀မ်းမြောက်မှုအဟုန်က တစိမ့်စိမ့် စီးမျောကြရတော့တာပါပဲ။လက်ဆောင်ဆိုတာ အထိမ်းအမှတ်တစ်ခုခု၊ မင်္ဂလာရှိသောရက်မြတ်တစ်ခုခုကို အသိအမှတ်ပြုခြင်း ဖြစ်တဲ့အတွက် တစ်ဦးမှ တစ်ဦးသို့ အမှတ်တရပေးအပ်ခြင်းဖြစ်တာမို့ ရင်းနှီးသည်ထက် ပိုမိုရင်းနှီးစေသော တံတားငယ်တစ်ခုပဲဖြစ်ပါတယ်။ ဦးဘုန်း(ဓာတု)ရဲ့ စာသားလေးတစ်ခုကို လက်ဆင့်ကမ်းရရင်တော့ “လက်ဆောင်”ဆိုတာ ပေးသူဘက်က တန်ဖိုး သတ်မှတ်ပေးလို့မရဘူး။ ရယူသူဘက်ကသာ “လက်ဆောင်”ရဲ့ တန်ဖိုးကို သတ်မှတ်လို့ ရနိုင်ပါတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ်မြတ်နိုးတဲ့သူ၊ ကိုယ်ခင်တဲ့သူ ကိုယ်လေးစားတဲ့ သူတွေကပေးတဲ့ “လက်ဆောင်”ဆိုရင် ရယူသူဘက်က မြတ်မြတ်နိုးနိုး သိမ်းထားတတ်တယ်။ ဒါကြောင့် “လက်ဆောင်” တခုရဲ့ တန်ဖိုးဆိုတာ “လက်ဆောင်”ကို လက်ခံသူရဲ့“အတွေးဉာဏ်”ပေါ်မှာပဲ မူတည်ပါသတဲ့။

လက်ဆောင်ဆိုရာမှာ ပန်းကလေးတပွင့်မှသည် တန်ဖိုးကြီး အရာဝတ္ထုများထိ သက်ဝင်နေပါတယ်။ စာရေးသူကိုယ်တိုင်လည်း လက်ဆောင်ဆိုတဲ့ စကားရပ်ကလေးကို စိတ်ဝင်စားပါတယ်။ ကိုယ်ကပေးတဲ့ အခါမှာဖြစ်စေ၊ ရယူမိတဲ့အခါမှာဖြစ်စေ သတိတရခြံရံအပ်သော လက်ဆောင်သည် အမှတ်တရတစ်ခု ဖြစ်တဲ့အတွက် အဘယ်ကဲ့သို့သော အရာလေးကိုပဲဖြစ်ဖြစ် တန်ဖိုးထားမိတာကတော့ အသေအချာပါပဲ။

ငယ်စဉ်ကစလို့ ဒီလက်ဆောင်ဆိုတဲ့ စကားလုံးရဲ့ပါဝင်ပတ်သက်မှုက အဆုံးမသတ်နိုင်တော့သော ဓလေ့ တစ်ခုလို ပျော်ဝင်နေမှာဖြစ်တဲ့အတွက် ပျိုမေတို့အဖို့ မွန်မြတ်သန့်စင်သောအရာတစ်ခုဖြစ်စေရန် တိုက်တွန်းချင် မိပါတယ်။မိမိဖက်ကတန်ဖိုးထားပေးအပ်သည်မှန်သော်လည်း ကြိုတင်ခန့်မှန်း၍မရသော အနာဂါတ်ကို စိန်ခေါ်ခြင်းများဖြင့်တော့ ထိုလက်ဆောင်ကို ပါဝင်ပတ်သက်အပ်နှင်းဖို့ရာ မသင့်ပါကြောင်း သတိပေးချင် မိပါတယ်။ စာရေးသူတို့ မိန်းမသားတွေရဲ့ဘ၀၊ သဘောသဘာဝဟာ စိတ်အားငယ်တတ်ခြင်း၊ အားနာတတ်ခြင်း၊ သနားညှာတာတတ်ခြင်း၊ ချစ်တတ်ခြင်း ဆိုသောဂုဏ်ပုဒ်များ လက်ဝယ်ပိုင်ဆိုင် ထားကြပါတယ်။

“အားမနာတတ်တော့ပါဘူး၊ မသနားတတ်တော့ဘူး”ဆိုတဲ့မာကျောသော နှလုံးသားပိုင်ရှင် ပျိုမဒီများသည်လည်း တချိန်က အားနာတတ်၊ သနားတတ်ခြင်းကြောင့် ရရှိလာတဲ့အကျိုးအမြတ်ကို ခံစား နားလည်သွားလို့ပဲဖြစ်နိုင်ပါတယ်။

မိမိမှာရှိနှင့်နေသော ချစ်စိတ်၊ သနားစိတ်၊ အားနာစိတ်၊ လူတစ်ဦးတစ်ယောက်အပေါ်မှီနွဲ့ချင်သောအားငယ်စိတ် တို့ကြောင့် အညှာလွယ်သောမိန်းကလေးများအဖြစ် ဘ၀ဟာနံမည်မလှစွာ ပြောင်းလဲသွားနိုင်ပါတယ်။ လူတစ်ဦးတစ်ယောက်ကိုအချစ်စစ်စစ်နှင့်ချစ်ကြတဲ့အခါ ချစ်သူဟူသောဝေါဟာရမှာပင် ချစ်သူရဲ့အငြိုငြင်ကို မခံချင်ကြတဲ့အတွက် မှားယွင်းသောလက်ဆောင်များကို ပေးအပ်မိသွားတတ်ပါတယ်။

“ချစ်လွန်းလို့ပါ”ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ မတောင်းဆိုအပ်သော သွေးသားဆန္ဒကာမတစ်ခုသည် ချစ်သူများနေ့မှာ သော်လည်းကောင်း၊ အချစ်နှစ်ပတ်လည်နေ့ရက်များတွင်သော်လည်းကောင်း တသက်တာလုံး ထိန်းသိမ်း အပ်သည့် မိမိဘ၀လေးသည် အမှောင်အတိဖုံးလွှမ်းသွားနိုင်ပါတယ်။

မှောင်မိုက်ခြင်းကမ္ဘာတွင်းသို့ ရောက်ရှိနေပြီးသောမေပျိုတို့အတွက် စမ်းတ၀ါးဝါးလျှောက်လှမ်းရင်း လမ်းစမြင်နိုင် မည်ထင်တဲ့အရိပ်အယောင်တိုင်းကို လိုက်လံရှာဖွေရခြင်းကလည်း ကိုယ့်မိုက်ပစ်ရဲ့ဒဏ်ကို ကိုယ်တိုင်ခံစားရခြင်းပါပဲ။ ကိုယ့်ချစ်စိတ်၊ အာရုံထားဂရုတစိုက်ရှိမှုသည် ချစ်သူအပေါ်တွင်သာ သက်ရောက်နေခြင်းဖြစ်ပါကြောင်း ဘ၀ဆိုတဲ့အရာနဲ့သက်သေမပြသင့်၊ မပြထိုက်ပါဘူးနော်။ အတွေ့ဆိုတဲ့ အရာတစ်ခုပေါ်မှာ သာယာမိန်းမောမှုတစ်ခုဖြစ်ခဲ့မယ်ဆိုရင်တောင် အနာဂါတ်ကိုကြိုတင်တွေးတောခြင်းများဖြင့် အချိန်မီရုန်းထွက်စေချင်မိပါတယ်။ ဒီအရာတစ်ခုနဲ့ချစ်ပြမှ အချစ်စစ်လို့ ထင်မြင်ယူဆတတ်တဲ့ ချစ်သူမျိုး ရှိနေခဲ့ရင်လည်း အပြုံးမပျက်လက်တွဲဖြုတ်၍သာ ထားခဲ့လိုက်ပါ။

တောင်းဆိုမှုတစ်ခုကိုချစ်စိတ်တစ်ခုတည်းနဲ့ကျော်ဖြတ်ကြတဲ့အခါ အကယ်၍သာ သူနဲ့မယူဖြစ်ခဲ့ရင် (သို့မဟုတ်) သူထားသွားခဲ့ရင်ဆိုတဲ့ အတွေးလေးတွေးကြည့်စေချင်လှပါတယ်။ ဘာကြောင့်လဲဆိုရင် အဦးဆုံးသော မိမိရဲ့ ပျိုမြစ်ခြင်းတွေကို သူစိမ်းယောက်ျားတစ်ဦးပေါ်ပေးဆပ်လိုက်ရတာကလွဲလို့ သာစရာမရှိ နာစရာသာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မိန်းမသားတို့ပဲ ဖြစ်လာတော့မှာပါ။ စာရေးသူခင်မင်သိကျွမ်းတဲ့ အွန်လိုင်းသူငယ်ချင်း တစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူမကဘ၀ရဲ့ ပျော်ရွှင်ရမှုကစလို့ စိတ်ပင်ပန်းဝမ်းနည်းရမှုအလုံးစုံကို အမြဲတစေ ရင်ဖွင့်တတ်သူပါ သူမက အသိဥာဏ်ရှိသောပညာတတ်တစ်ယောက်။ သို့ပါသော်လည်း အလုပ်အကိုင် မယ်မယ်ရရမရှိ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ စကားကိုပေါ့ပေါ့ပါးပါးပြောတတ်တဲ့သူတစ်ယောက်နဲ့ လမ်းခွဲကြတဲ့အခါ သူ့ရဲ့စိတ်ဓါတ်တွေက မြေပြင်အောက်ရောက်သည်ထိ ကျဆင်းနေတာကိုတွေ့ရပါတယ်။ မိမိဘ၀ရှေ့ရေးအတွက် ထမင်းစားလက်မှတ် ဘွဲ့ထူး၊ ဂုဏ်ထူးတွေနဲ့ သင်တန်းအောင်လက်မှတ်တွေ တသီကြီး ကိုင်ထားတဲ့သူတယောက်ဖြစ်တဲ့အပြင် လက်ရှိအလုပ်အကိုင်တစ်ခုကို ၀င်ရောက်နေသူမို့ ဒီလိုလူတယောက် အတွက်အချိန်ပေးရတာ မတန်မရာဖြစ်လို့နေပါတယ်။

မပြီးဆုံးတော့တဲ့လွမ်းဆွတ်ခြင်းတွေနဲ့ နာကြဉ်းချက်အရိပ်အယောင်တို့ကို ဖျောက်ဖျက်မပစ်နိုင်တဲ့အကြောင်းအရင်းကတော့ သူမဘ၀အတွက် တန်ဖိုးထားအပ်သော လက်ဆောင်ကိုပေးအပ်ပြီးခဲ့ခြင်းကြောင့်ပါပဲ။

လောကမှာ မိုက်မဲလှတဲ့ဖြစ်ရပ်တိုင်းဟာ မသိလိုက်မသိဖာသာ ကျူးလွန်မိကြတာနည်းပါတယ်။ သိသိလျက်နဲ့ တခဏကိုတဘ၀ထင် စိတ်ဆုံးဖြတ်ချက် အခိုက်အတန့်လေးက မိမိရှေ့ခရီးလမ်းကိုများစွာအနှောက်အယှက် ဖြစ်စေပါတယ်။

ဘယ်သူမှမသိတဲ့စွန်းထင်းမှုတစ်ခုမှာ အရိပ်အယောင်မျှ သဲလွန်စမရှိအောင် ဖျောက်ဖျက်ပစ် နိုင်ပါစေ၊ မိမိကိုယ်တိုင်ရဲ့အသိစိတ်က အမြဲတစေ ခြောက်လှန့်နေကြတော့မှာပါ။ သတိလက်လွတ်သွားမိတဲ့ သာယာခြင်းတစ်ခုကြောင့် အသက်ငယ်ငယ်နဲ့ လူ့လောကကိုစွန့်ခွာသွားကြတဲ့မေပျိုတချို့ဆိုတာကလည်း များသောအားဖြင့် မတတ်သာလွန်းလို့ သန္ဓေတည်စ ကိုယ့်သွေးသားလေးကို ဖယ်ထုတ်ရာကနေ မိမိအသက်ပါ ထိခိုက်ဆုံးရှုံးကြရသူများသာ။

မလိုလားအပ်သောပြဿနာရပ်တွေကို တစ်ဦးတစ်ယောက်တည်းကြိတ်ရင်ဆိုင်ဖြေရှင်းရင်းအသက်ကိုစတေး ရတာထက် ဒီအခြေအနေထိမရောက်ရလေအောင် နှစ်ကိုယ်တူဘ၀ခရီးလမ်း ရည်မှန်းချက်ပန်းတိုင် ရောက်သည်ထိစောင့်ထိန်းရင်း ဘ၀ကိုလှသည်ထက်လှအောင် ပုံဖော်စေချင်မိပါတော့တယ်။

မိမိရဲ့ဆိုးခြင်း၊ ကောင်းခြင်း မမြင်နိုင်သောကံကြမ္မာကို မိမိကိုယ်တိုင် ပုံဖော်ရမှာဖြစ်လို့ အခြေအနေအရပ်ရပ်မှန်သမျှကို အမှား ကင်းအောင် နေထိုင်ပြုမူကြပါစို့လားရှင်။

အမျိုးသားတိုင်းရဲ့ လိုချင်တပ်မက်သော လက်ဆောင်တိုင်းဟာ မိမိဘ၀မဟုတ်သလို မိမိတန်ဖိုးထားရာဘ၀ကိုလက်ဆောင်အဖြစ်တောင်းဆိုသူတို့သည်လည်း တသက်တာလက်တွဲဖော်များ ဖြစ်မလာနိုင်တဲ့အတွက် ဒီတချက်ကိုတော့သတိပြုကာ စောင့်ထိန်းသင့်ပါတယ်။

အမျိုးသားများအနေနဲ့ကလည်း မိမိတို့ချစ်မြတ်နိုး၍ ကြင်နာအပ်သောပျိုမဒီလေးများအပေါ် သန့်စင်မွန်မြတ်သာချစ်ခြင်းမေတ္တာများဖြင့် ချစ်နိုင်ကြစေပြီးလျှင် မိန်းကလေးများသည်လည်း မပေးအပ်သင့်သောလက်ဆောင်တစ်ခုကို တတ်သိနားလည်စွာဖြင့် အစွန်းအထင်းကင်းသောတန်ဖိုးရှိသည့်ဘ၀ တစ်ခုကို မင်္ဂလာဦးထိသယ်ယူသွားနိုင်ကြပါစေကြောင်းဆုမွန်ကောင်းများပို့သလိုက်ရပါတယ်ရှင်။

ရေကြည်သူ

No comments:

Post a Comment