Thursday, August 21, 2014

IS စစ်သွေးကြွ အဖွဲ့ကိုထိန်းချုပ်ရ ခက်နေဟု အင်ဒိုနီးရှား သမ္မတ ပြော

အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့ IS မှ စစ်သွေးကြွ များ၏ လုပ်ရပ်များက အစ္စလာမ် ဘာသာအား အကျပ်တွေ့ စေကြောင်း မွတ်စလင် နိုင်ငံများ အနက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံ၏ သမ္မတက ပြောကြား လိုက်ပြီး အစ္စလာမ် ဘာသာဝင် ခေါင်းဆောင်များ အနေဖြင့် အစွန်းရောက် ၀ါဒအား တိုက်ဖျက် ရေးတွင် စည်းလုံး ညီညွတ် ကြရန်လည်း အင်ဒိုနီးရှား သမ္မတက တိုက်တွန်း လိုက်သည်ဟု သြဂုတ် ၂၁ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။



အစွန်းရောက် များသည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ အများ အပြားတွင် သတ်ဖြတ်မှု အများ အပြား လုပ်ဆောင်နေ ကြပြီး ၎င်းတို့ လုပ်ဆောင် နေသော အကြမ်းဖက်မှု အဆင့်မှာ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကောင်းလှကြောင်း သမ္မတ ဆူဆီးလ်လို ဘန်ဘန် ယူဒိုယူနိုက ဆိုခဲ့သည်။“အဲဒါဟာ တကယ်ကို တုန်လှုပ်စရာပါ။ ထိန်းချုပ်ရခက်တဲ့ အခြေအနေ မျိုးကို ရောက်လာပါပြီ” ဟု သမ္မတက The Australlian သတင်းစာနှင့် အင်တာဗျူး တွင် ပြောကြားခဲ့သည်။ မျက်နှာဖုံး တပ်ထားသူ စစ်သွေးကြွ တစ်ဦးက အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေအား ခေါင်းဖြတ် သတ်ခဲ့သည့် ဗီဒီယို တစ်ခုကို IS အဖွဲ့က ထုတ်ပြန် ခဲ့ပြီး နောက်တစ် ရက်တွင် အင်ဒိုနီးရှား သမ္မတက အင်တာဗျူးတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ အဲဒါကို သည်းမခံပါဘူး။ အင်ဒိုနီးရှားမှာ IS ကို ကျွန်တော်တို့ ပိတ်ပင် တားမြစ်ထားပါ တယ်” ဟု IS အဖွဲ့၏ ယခင် အမည် IS ကို သုံးနှုန်း၍ ၎င်းက ပြောကြားခဲ့သည်။

အစွန်းရောက် ၀ါဒအား တိုက်ဖျက်ရေး အတွက် နိုင်ငံတကာ ခေါင်းဆောင်များ အတူတကွ ဆောင်ရွက် ကြရန် လည်း ၎င်းက တိုက်တွန်း ခဲ့သည်။ “အစ္စလာမ် ဘာသာဝင် ခေါင်းဆောင်တွေ အပါအ၀င် ကမ္ဘာတစ်ဝန်းလုံး က နိုင်ငံတကာ ခေါင်းဆောင်တွေ အတွက် သတိပေး တပ်လှန့်လိုက် သလိုလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ IS အဖွဲ့၏ လုပ်ရပ် များသည် အစ္စလာမ် ဘာသာကို ကသိကအောက် ဖြစ်စေရုံသာ မက အရှက်ခွဲ သကဲ့သို့လည်း ဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတက ပြောခဲ့သည်ဟု သတင်းစာ ထဲတွင် ဖော်ပြ ထားသည်။

“အစွန်းရောက်ဝါဒကို ဘယ်လိုတိုက်ဖျက်ရမလဲဆိုတာ ခေါင်းဆောင်တွေ သုံးသပ်ရပါမယ်။ နှစ်ဖက်လုံး အနေနဲ့ အမြင်တွေကို ပြောင်းလဲဖို့လိုပါတယ်။ အစ္စလာမ်အပေါ် အနောက်ကမ္ဘာက တွေးဆထားတဲ့အမြင် နဲ့ အနောက်ကမ္ဘာအပေါ် အစ္စလာမ်က တွေးဆထားတဲ့အမြင်တွေကို ဆိုလိုတာပါ” ဟု ၎င်းကပြောခဲ့သည်။

ဒါဇင်နှင့်ချီကာ အရေအတွက်ရှိသည့် အင်ဒိုနီးရှားများသည် တိုက်ခိုက်မှုထဲတွင် ပါဝင်ရန် ဆီးရီးယားနှင့် အီရတ်တို့သို့ သွားရောက်ခဲ့ကြကြောင်း အင်ဒိုနီးရှားအစိုးရက ခန့်မှန်းထားပြီး ၎င်းတို့ ပြန်လာမည့် အရေး ကို စိုးရိမ်ကြောင်း သမ္မတယူဒိုယူနိုက ပြောကြားခဲ့သည်။ ကျယ်ပြန့်သော အင်ဒိုနီးရှား နိုင်ငံတွင် အစွန်း ရောက် အတွေးအခေါ်များ မပြန့်ပွားရေးအတွက် ဌာနတချို့ကို တာဝန်ပေးထားကြောင်းလည်း သမ္မတက ဆိုခဲ့သည်။

Ref: AF
mizzimaburmese

No comments:

Post a Comment