ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်ရှိ အကျဉ်းသား တစ်ထောင်ကျော်ကို အလိုတော်ပြည့် ဆရာတော်ကြီးက အာဟာရဒါန လှူဒါန်းခဲ့ကြောင်း အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော်တစ်ပါး ဖြစ်သည့် ဦးကုမာရက မိန့်ကြားသည်။
အလိုတော်ပြည့် ဆရာတော်ကြီးနှင့် ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) တို့ ကြီးမှူးပြီး သြဂုတ်လ ၂၈ ရက်နေ့က အမျိုးသားအကျဉ်းသား ၁၁၂၅ ဦးကို အာဟာရဒါန ပြုခဲ့ခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။စစ်တွေ အကျဉ်းထောင်တွင် အမျိုးသား အကျဉ်းသား ၈၇၉ ဦး၊ အမျိုးသမီး ၄၈ ဦး၊ အမျိုးသား အချုပ်သား ၁၈၀ ဦး၊ အမျိုးသမီး ၁၈ ဦးရှိကြောင်း အာဟာရဒါန ပြုခဲ့သူများထံမှ သိရှိရသည်။
အလိုတော်ပြည့် ဆရာတော်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းသားများကို ၂၀၁၂ ခုနှစ်က အာဟာရဒါနပြုခဲ့ပြီး ဒုတိယအကြိမ်မြောက် အဖြစ် စစ်တွေမြို့ အကျဉ်းထောင်တွင် ထပ်မံဒါနပြုခြင်း ဖြစ်ကြောင်း ဦးကုမာရက မိန့်ကြားသည်။
ယင်းအပြင် အလိုတော်ပြည့် ဆရာတော်ကြီးနှင့် ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) တို့သည် ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်သည့် ကျေးရွာပေါင်း ၁၀၄ ရွာအတွက် ပန်းပေါင်းစုံ ဘုရားဆင်းတုတော်များ အပါအဝင် အဝတ်အထည်များနှင့် ဆန်အိတ် ၆၀၀ ကျော်ကို သြဂုတ်လ ၂၉ ရက်နေ့က လှူဒါန်းခဲ့ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။
The Voice Weekly

No comments:
Post a Comment