
Photo - Teleghraph
Apple ၏ iCloud အင်တာနက် သိုလှောင်မှုစနစ်မှ နာမည်ကျော် အနုပညာရှင် အမျိုးသမီးများ၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများ ပေါက်ကြားမှုကို အမေရိကန် ထောက်လှမ်းရေးဌာန FBI က တာဝန်ယူ စုံစမ်းနေကြောင်း သိရှိရသည်။ဆိုက်ဘာရာဇဝတ်သား Hacker များက iCloud ရှိ နာမည်ကျော်များ၏ Account များကို ထိုးဖောက်ဝင်ရောက်ပြီး ၎င်းတို့၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ရယူကာ အင်တာနက် Social Media များပေါ် ဖြန့်ဝေခဲ့သည်။ အမေရိကန် နာမည်ကျော် မင်းသမီး ဂျနီဖာလောရင့်စ်၊ စူပါမော်ဒယ်လ် ကိတ်အပ်တန်တို့ အပါအဝင် လူသိထင်ရှား အနုပညာရှင် (၂၀)ခန့်၏ လျှို့ဝှက်အပ်သော ဓာတ်ပုံများသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အင်တာနက်ပေါ် စတင် ပျံ့နှံ့လာခြင်း ဖြစ်သည်။
Apple က မိမိတို့သည် အဆိုပါ ဖြစ်ရပ်ကို စုံစမ်းမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယင်းကို FBI ကလည်း ပါဝင် ပူးပေါင်းသွားမည်ဟု သိရသည်။ The Hunger Games ဇာတ်ဆောင် မင်းသမီး ဂျနီဖာ လောရင့်စ် ကိုယ်တိုင်က အင်တာနက်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများသည် မိမိ၏ ပုံရိပ် အစစ်အမှန်များ ဖြစ်ကြောင်း ဝန်ခံထားရာ Apple အနေဖြင့် iCloud တွင် ယိုပေါက်များ ရှိနေသည်ကို မျက်ကွယ်ပြု၍ မရတော့ချေ။ လောရင့်စ်၏ ကိုယ်စားလှယ် တစ်ဦးက ယခုဖြစ်ရပ်သည် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံရခြင်းဟု ဝေဖန်ထားသည်။
FBI ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက “လက်ရှိ ဖြစ်ရပ်တွေကို သတိကြီးကြီး ချဉ်းကပ်ပြီး ဒီကိစ္စကို ကိုင်တွယ် စုံစမ်းသွားမှာပါ”ဟု AP သတင်းဌာနသို့ ပြောကြားခဲ့သည်။ Apple ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး နတ်ကာရစ်က “ကျွန်မတို့ အနေနဲ့ ဖောက်သည်တွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အထူး ဂရုစိုက်ပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အလေးအနက် စုံစမ်းသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။ လုံခြုံရေးနှင့် ပတ်သက်ပြီး နာမည်ကောင်း ရထားသည့် Apple ၏ iCloud ဝန်ဆောင်မှု ယခုအခြေအနေ ကြုံခဲ့သည့်နောက် ကျွမ်းကျင်သူများက အင်တာနက်ပေါ်ရှိ Cloud ဝန်ဆောင်မှုများ၏ မူပိုင်ခွင့် အာမခံချက်အပေါ် မေးခွန်းထုတ်လာသည်။
ယခုဖြစ်ရပ်တွင် Reality TV စတား ကင်မ်ကာဒက်ရှီယန်၊ မင်းသမီး မေရီအဲလိဇဘက်သ် ဝင်းစတက်ဒ်၊ အမေရိကန် အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းမှ ဂိုးသမား ဟုပ်ဆိုလို အစရှိသည့် နာမည်ကျော် အများအပြား၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများပါ Hacker များ လက်ထဲ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
_Ref: BBC
7Day Daily
No comments:
Post a Comment