Monday, October 6, 2014

ပယင်းမှော်အသစ်ကို ကေအိုင်အေ ပိတ်လိုက်၍ လုပ်ကိုင်နေသူများ ပြန်လာရ


လုပ်ကိုင်ခွင့်အပိတ်ခံလိုက်ရသည့် ရာမွတ်ပယင်းမှော်(ဓာတ်ပုံ − မရန်)

လွန်ခဲ့သော တစ်လခန့်ကအသစ်ဖွင့်လှစ်ခဲ့သော ပယင်းကျောက်များထွက်ရှိ တနိုင်း ဒေသရှိ ရာမွတ်ပယင်းမှော်အား ကေအိုင်အေ(ကချင်လွတ်မြောက်ရေးတပ်မတော်)က အောက်တို ဘာ ၂ ရက်တွင် ပြန်လည်ပိတ်လိုက်ပြီး လာရောက်အလုပ်လုပ်ကိုင်သူများကို သုံးရက်အတွင်း အပြီးပြန်ရန် ညွှန်ကြားလိုက်aကြာင်း သတင်းရရှိသည်။ရာမွတ်ပယင်းမှော်အား ကေအိုင်အေက ပိတ်လိုက်သည့်အတွက် မှော်တွင်အလုပ်လုပ်သူများ တနိုင်းမြို့သို့ ပြန်လာကြပြီး တည်းခိုခန်းများ မလောက်င၍ ဘုရားကျောင်းများ၌ပါ တည်းခိုနေရကြောင်း သတင်းရရှိသည်။

‘‘ပယင်းမှော်ပိတ်လို့ ပြန်လာကြတဲ့သူတွေ များတယ်။ တည်းခိုခန်းမဆံ့တော့ ဘုရားကျောင်းမှာနေတဲ့ လူတွေလည်း ရှိတယ်။ သုံးရက်အတွင်း အပြီးပြန်ခိုင်းတယ်လို့ ကြားတယ်’’ ဟု တနိုင်းနှစ်ခြင်းအသင်းတော်မှ လူငယ်တာဝန်ခံ ကိုနော်ဆိုင်းက ဆိုသည်။

မှော်သို့ သွားရာလမ်းတစ်လျှောက်တွင် အစိုးရစစ်တပ်များ စစ်ကြောင်းထိုးလာသည့်အတွက် ကေအိုင်အေက ပိတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ထိုပယင်းမှော်သည် ကုန်းလမ်း၊ ရေလမ်းမှ ခက်ခက်ခဲခဲသွားရသည့် ခရီးဖြစ်၍ ကုန်ကျစရိတ်များပြားသဖြင့် ယင်းသို့ ပြန်လည်ပိတ်လိုက်၍ ဒေသခံများ ဆုံးရှုံးမှုများစွာရှိကြောင်း ဒေသခံများက ပြောသည်။

‘‘အရမ်းရှုံးတော့ အကုန်ငိုနေကြတယ်။ တစ်ခုက အခုမှ သွားပြီး ပြန်လာခဲ့ရတော့ ဆုံးရှုံးမှုတွေ အရမ်းများတယ်။ တနိုင်းကနေ သွားရင် လူတစ်ယောက် ထို မှော်ကိုရောက်ဖို့ ပိုက်ဆံတစ်သိန်းလောက် ကုန်တယ်’’ ဟု တနိုင်း ဒေသခံတစ်ဦးက ပြောသည်။

ထိုပယင်းမှော်တွင် မြန်မာ ပြည်အနှံ့မှ ပြည်သူများ လာရောက်လုပ်ကိုင်ကြပြီး အများစုမှာ မိုးကုတ်မှ လီဆူတိုင်းရင်းသားများဖြစ်ကြကြောင်း ပြန်လာသူများက ပြောကြားသည်။

တနိုင်းဒေသတွင် ပယင်းမှော် လေးခုခန့်ရှိပြီး မှော်အားလုံးကို စစ်ရေးအခြေအနေများကြောင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment