Friday, October 24, 2014

နယူးယော့ခ်တွင် နေ့ခင်းကြောင်တောင် ပုဆိန်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွား

နယူးယော့ခ်၊ အောက်တိုဘာ ၂၄။ နယူးယော့ခ်မြို့၊ ဂျမေကာ အရပ်တွင် နေ့ခင်းကြောင်တောင် လူစည်ကားရာ ပလက်ဖောင်း ပေါ်၌ ပုဆိန်ကိုင် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ ရဲသားနှစ်ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။


စီစီတီဗီတွင် ဖမ်းမိခဲ့သည့် ဇေးလ်သွမ်ဆင်၏ တိုက်ခိုက်မှု။ ဓာတ်ပုံ - Daily Mail

တိုက်ခိုက်သူမှာ ဇေးလ် သွမ်ဆင် ဆိုသူ အသက် ၃၂ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး နေ့လည် ၂ နာရီ ခန့်တွင် လမ်းပေါ်၌ ဓာတ်ပုံဆရာ တစ်ဦးကြောင့် ဓာတ်ပုံရိုက် ခံနေသည့် ရဲသားလေးဦးကို ပုဆိန်ဖြင့် ရုတ်တရက် ၀င်ရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုကြောင့် ရဲသား တစ်ဦးမှာ လက်မောင်း တွင် ဒဏ်ရာ ရခဲ့ပြီး အခြား တစ်ဦးမှာ ဦးခေါင်းတွင် ပုဆိန်ဖြင့် ခုတ်ခြင်းကို ခံခဲ့ရသည်။ ဦးခေါင်းကို ပုဆိန်ဖြင့် ခုတ်ခြင်း ခံခဲ့ရသည့် ရဲသားမှာ ဒဏ်ရာ ပြင်း ထန်သောကြောင့် ဆေးရုံသို့ တင်ပို့ ထားရသည်။ ထို့အတူ အခင်းဖြစ် နေရာနှင့် မလှမ်းမကမ်းတွင် ရှိနေသည့် အမျိုးသမီး တစ်ဦးမှာလည်း ရဲများက ပစ်ခတ်သည့် ကျည်ဆံ ထိမှန်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရကာ ဆေးရုံသို့ တင်ပို့ ထားရသည်။ သွမ်ဆင်ကိုမူ နေရာတွင်ပင် အခြား ရဲသား နှစ်ဦးက အသေပစ်ဖမ်း ခဲ့ပြီး မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုမျိုး ပြုလုပ်ရသည်ကို သိရှိနိုင်ရန် စုံစမ်းလျှက် ရှိသည်။ လက်ရှိတွင်မူ မည်သည့် အတွက်ကြောင့် တိုက်ခိုက် ရသည်ကို ဖော်ထုတ် နိုင်ခြင်း မရှိသေး သော်လည်း အစ္စလာမ် အစွန်းရောက် တိုက်ခိုက်မှု တစ်ရပ် ဖြစ်နိုင်ခြေ ရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ဆီးရီးယားနှင့် အီရတ် အခြေစိုက် IS အဖွဲ့ကလည်း အစ္စလာမ် ဘာသာဝင်များအား အမေရိကန် နိုင်ငံကို ကြုံသလို တိုက်ခိုက်ကြရန် ဆော်သြထားရာ ယင်းသံသယကို ပို၍ ခိုင်မာစေသည်။



ရဲများ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် သွမ်ဆင်၏ ရုပ်အလောင်း။ ဓာတ်ပုံ - Daily Mail

ယင်းအပြင် ယခုတစ်ပတ် အတွင်း ကနေဒါ နိုင်ငံ၌လည်း အစွန်းရောက်တို့၏ တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အမေရိကန်သို့လည်း အကြမ်းဖက်မှုများ ကူးစက် ဖြစ်ပွား လာမည်ကို စိုးရိမ်လျှက် ရှိနေကြသည်။ ကွီဘတ် မြို့၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင် လူတစ်ဦးမှာ ကားအတွင်းမှ ပြေးထွက်ကာ စစ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အခြား တစ်မှုမှာလည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် ကနေဒါ ပါလီမန် ပြစ်ခတ်မှု ဖြစ်ပြီး ယင်း ပစ်ခတ်မှုတွင်လည်း အစောင့်တာဝန် ကျနေသည့် တပ်ကြပ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ရဲမင်းကြီး ဘရတ်တွန်ကမူ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ “ကျွန်တော်တို့ လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို မသိသေးပေမယ့် ကနေဒါမှာ ဖြစ် ခဲ့တဲ့ ဖြစ်ရပ်နှစ်ခုနဲ့ ပုံစံခြင်း တူနေတာကြောင့် ဆက်စပ်မှု ရှိလိမ့်မယ် လို့တော့ ယူဆထားပါတယ်”ဟု ဆိုခဲ့သည်။

Mizzima

No comments:

Post a Comment