Friday, October 10, 2014

အနိမ့်ဆုံး လုပ်ခ လစာကို သတ်မှတ် ဖို့ စစ်တမ်း ကောက်ယူမည်


အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ဖို့အတွက် ပြည်နယ်နဲ့တိုင်း ၁၅ခုရှိ မြို့နယ်ပေါင်း ၁၀၈ ခုက လူနေမှု စရိတ်တွေကို လာမယ့်

နိုဝင်ဘာလမှာ စစ်တမ်းကောက်ယူသွားဖို့ ဒီနေ့နေပြည်တော်၊အလုပ် သမားဝန်ကြီးဌာနရုံးမှာ ၀န်ကြီးတွေနဲ့ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေပူးပေါင်းပြုလုပ်တဲ့ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေး အမျိုးသားကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီ စစ်တမ်းမှာ မြို့နယ်အသီးသီးက ကုန်ဈေးနှုန်း၊ ခရီးစရိတ်တွေနဲ့ အိမ်ထောင်စုတွေရဲ့ ကုန်ကျစရိတ်တွေကို ထည့်သွင်းဖေါ်ပြမှာ ဖြစ်တယ်လို့ မနေ့က အစည်းအဝေးမှာ ပါဝင်ဆွေးနွေးတဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနော်အောင်က ပြောပါတယ်။
"အနိမ့်ဆုံး လုပ်ခလစာ ထွက်လာဖို့က လူနေမှုစရိတ်ပေါ့ အခြေခံကုန်ကျစရိတ်ထွက်ဖို့လိုအပ်တယ် အခြေခံကုန်ကျစရိတ်ဟာ မြို့အသီးသီးကဈေးတွေကနေပြီးတော့မှ ကုန်ဈေးနှုန်း သွားလာစရိတ် အဲ့ဒါတွေလဲ ကားဂိတ်ကနေကောက်ရမှာပေါ့ဗျာ ပြီးတော့ ကျန်းမာရေးစရိတ်တို့ ကျောင်းသားအရွယ် ကျောင်းစရိတ်တို့ အဲ့ဒါတွေကလည်း သူနဲ့သက်ဆိုင်တဲ့ အသီးသီးနေရာကနေ ကောက်ပြီးတော့မှ လူတစ်ယောက်ဟာ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာမျိုးကို စံနမူနာကောက်ရမှာပေါ့"
အဲဒီစစ်တမ်းကို အလုပ်သမား၊အလုပ်အကိုင်နဲ့ လူမှုဝန်ကြီးဌာနက တာဝန်ရှိသူတွေအပြင် ဒေသအလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းက တာဝန်ရှိသူတွေ ပူးပေါင်းကောက်ယူ ကြမှာဖြစ်ပါတယ်။
အဲဒီနောက် စစ်တမ်းကရရှိလာတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်ဖို့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်း အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနော်အောင် ကို RFA သတင်းထောက် မရတနာဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA Burmese

No comments:

Post a Comment