Wednesday, November 12, 2014

ကြယ်တံခွန်ပေါ် လေ့လာရေးယာဉ်ငယ် ဆင်းသက်ပြီး နောက်ဆက်တွဲ အခြေအနေကို စောင့်ကြည့်နေ


နက္ခတ်ဗေဒ ပညာရပ် သမိုင်းကြောင်းတွင် သမိုင်းဝင် အောင်မြင်မှုအဖြစ် ပျံသန်းနေသော ကြယ်တံခွန် တစ်စီးပေါ်သို့ လူမဲ့ လေ့လာရေးယာဉ်တစ်စီး ဆင်းသက်နိုင်ခဲ့သော်လည်း နောက်ဆက်တွဲ အခြေအနေကို ပညာရှင်များက စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်နေဆဲ ဖြစ်သည်။အဝေးထိန်း စနစ်ဖြင့် ပျံသန်းသော Rosetta အာကာသ စူးစမ်းရေးယာဉ်ငယ်ကို ဥရောပ အာကာသ အေဂျင်စီ (ESA)က လွှတ်တင်ခဲ့ပြီး ၎င်းသယ်ယူသွားသည့် Philae ယာဉ်ငယ်သည် နိုဝင်ဘာ (၁၂)ရက်တွင် ပျံသန်းနေသော ကြယ်တံခွန် တစ်ခုပေါ် ဆင်းသက်နိုင်ခဲ့သည်။ ယင်းသည် လူသားတို့ လွှတ်တင်သည့် အာကာသယာဉ် တစ်စီးက စကြာဝဠာအတွင်း ပျံသန်းနေသည့် ကြယ်တံခွန် တစ်စင်းပေါ် ပထမဆုံးအကြိမ်အဖြစ် လက်တွေ့ ဆင်းသက်ခြင်းလည်း ဖြစ်လာသည်။

သို့သော်လည်း Philae ယာဉ်ငယ် ဆင်းသက်မှုသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း မဖြစ်ခဲ့ဘဲ လွဲချော်မှုအချို့ ရှိခဲ့သည်။ မူလက Philaeကို 67P/Churyumov-Gerasimenko ကြယ်တံခွန်၏ မျက်နှာပြင် မာကျောသော အပိုင်းတွင် ဆင်းသက်စေပြီး မျက်နှာပြင်ပေါ်တွင် ကျောက်ချရပ်နားထားရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် ပိုမိုပျော့ပြောင်းသည့် မြေပြင်တွင် ဆင်းသက်ခဲ့ရသလို ခြေကုပ်ယူ တွယ်ဆက်ထားနိုင်ခြင်းလည်း မရှိချေ။

ယာဉ်ငယ်ထံမှ ပေးပို့သော အချက်အလက်များအရ ယင်းသည် ကြယ်တံခွန်ပေါ် ဆင်းသက်စဉ် သုံးကြိမ်မျှ ခုန်ပေါက်သွားခဲ့ကြောင်းလည်း သိရသည်။ Philaeသည် ကြယ်တံခွန်ထံ ချဉ်းကပ်သွားစဉ် ကြယ်တံခွန်၏ ရေခဲဖုံးနေသော မီးခိုးရောင် မျက်နှာပြင်ကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာမြေသို့ ပြန်လည် ပေးပို့နိုင်ခဲ့သည်။

ESA အကြီးအကဲဖြစ်သည့် ညွှန်ကြားရေးမှူးချုပ် ဂျင်းဂျာကက်စ် ဒေါ်ဒိန်းက ယခုအောင်မြင်မှုသည် လူသားများ၏ အာကာသ လေ့လာမှု သမိုင်းကြောင်းတွင် ကြီးကျယ်သော ခြေလှမ်းတစ်ရပ်အဖြစ် ညွှန်းဆိုခဲ့သည်။ “တကယ့်ကို ခမ်းနားတဲ့ နေ့တစ်နေ့ပါ။ ဒါဟာ ESA အတွက်တင် မကဘဲ တစ်ကမ္ဘာလုံးအတွက် အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ သို့သော်လည်း သိပ္ပံပညာရှင်များ အနေဖြင့် Philaeသည် ကြယ်တံခွန်ပေါ်တွင် တည်မြဲစွာ ရပ်တည်နေနိုင်ခြင်း ရှိမရှိနှင့် မူလမျှော်လင့်ထားသည့်အတိုင်း သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း ရှိမရှိကို စိတ်လှုပ်ရှားစွာ ဆက်လက်စောင့်ကြည့်နေဆဲ ဖြစ်သည်။

ESAသည် ဆယ်စုနှစ် တစ်ခုမျှ အချိန်ယူခဲ့ရပြီး ဒေါ်လာ (၁.၆)ဘီလီယံမျှ ကုန်ကျခဲ့သည့် Rosetta စီမံကိန်းကို များစွာ မျှော်လင့်ထားသည်။ ကြယ်တံခွန်၏ မျက်နှာပြင်ကို ထွင်းဖောက် လေ့လာခြင်းဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း (၄.၅)ဘီလီယံကျော်က နေစကြာဝဠာ စတင်ဖြစ်ပေါ် ဖွဲ့စည်းလာသည်ဆိုသော အယူအဆထက် အတွင်းကျကျ ပိုမိုသိရှိလာမည်ဟုလည်း သိပ္ပံပညာရှင်များက ယုံကြည်နေသည်။

Rosetta လေ့လာရေးယာဉ်သည် ကမ္ဘာမြေမှ လွှတ်တင်လိုက်ပြီး (၆.၄) ဘီလီယံ ကီလိုမီတာမျှထိ ခရီးနှင်ပြီးမှ Philaeကို 67P/Churyumov-Gerasimenko ကြယ်တံခွန်ပေါ် နေရာချနိုင်ခဲ့ခြင်း ဖြစ်သည်။ အဝတ်လျှော်စက် တစ်လုံးစာမျှ အရွယ်အစားရှိသည့် Philaeသည် Rosettaထံမှ လွှတ်ပေးလိုက်ပြီး ကြယ်တံခွန်ကို ချဉ်းကပ်ရန် (၇)နာရီမျှ အချိန်ယူခဲ့ရကြောင်းလည်း သိရှိရသည်။

_BBC
7Day Daily

No comments:

Post a Comment