
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား လာမည့်နှစ်အနည်းငယ်အတွင်း လွတ်လပ်သည့် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုအအဖြစ် ပြောင်းလဲရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီး ဌာနက ဆောင်ရွက်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အစိုးရထိန်းချုပ်မှု မရှိတော့သည့် လွတ်လပ်သော ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားရန်အတွက် နိုင်ငံ တကာဝန်ဆောင်မှု ကုမ္ပဏီအချို့နှင့် တွေ့ဆုံမှုများကိုလည်း ပြုလုပ်နေပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အစိုးရ၏ ဘဏ္ဍာငွေကို မသုံးစွဲသည့် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုအဖြစ် ပြောင်းလဲမည်ဟု ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြည်တွင်းမီဒီယာသို့ ပြောကြားထားခဲ့သော်လည်း ယင်းနောက်ပိုင်း ကာလများတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ဟု ပြည်တွင်း ဆက်သွယ်ရေးနယ်ပယ်မှ လုပ်ငန်းရှင်အချို့က ပြောကြားသည်။ ထို့အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို လွတ်လပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲ ဖွဲ့စည်းရန်အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ပြီး လန်ဒန်အခြေစိုက် ကျွမ်းကျင် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် Price Water-house Cooper Co.,Ltd နှင့် တွေ့ဆုံပြီး ပုဂ္ဂလိက ပြောင်းလဲရေးအတွက် ဆွေးနွေးမှုအချို့ ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အစိုးရ ထိန်းချုပ်မှု မပါဝင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများတွင်လည်း ထည့်သွင်းဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။
Internet Journal
No comments:
Post a Comment